The Function(ဆောင်တာ) နှင့် The Form(ထုသွင်)

The Function(ဆောင်တာ) နှင့် The Form(ထုသွင်)




ဆရာ ဒေါက်တာလွင်အောင်က Function ဆိုတဲ့ စကားလုံးကို ဆောင်တာ လို့ဘာသာပြန်ထားတာ ဗိသုကာဒဿန ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုခဲ့ရပါတယ်။ အဲဒီကနေ ဆောင်တာဆိုတဲ့ စကားလုံးလေးကို ယူထားပါတယ်။
အဆောက်အအုံတစ်လုံးရဲ့ ဆောင်တာ Function ဆိုတာ အဲဒီအဆောက်အအုံရဲ့ ထုသွင် Form အတွက် အင်မတန် လွှမ်းမိုးမှုရှိပါတယ်... ဆိုသော အချက်ကို ကျနော်တို့တစ်တွေ သတိထားမိပါသလား။






အဲဒီအကြောင်းကို ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံများထဲမှ ဆပ်ကပ်တဲများကို လေ့လာကြည့်မယ်ဆိုရင် Function နှင့် Form တို့အတွက် အကောင်းဆုံးနှင့် အသင့်လျှော်ဆုံး ဥပမာပင်ဖြစ်ပါတယ်။ ဆပ်ကပ်တဲ တွေဟာ သာမန်မဟုတ်တဲ့ Function တွေလိုအပ်တဲ့ အဆောက်အအုံ တစ်မျိုးပါ။ ဆပ်ကပ်အဖွဲ့သားတွေ မြို့ရွာထဲမှာ ရောက်ရှိလာရင် မြို့ထဲမှာပဲ တည်ဆောက်ထားရှိရပါတယ်။ နောက် ရက်အနည်းငယ် စတည်းချ နေထိုင်ကြရပါမယ်။ အဲဒီနောက် ပြပွဲပြသပြီးချိန်မှာတော့ ပြန်လည်ထုတ်ပိုးပြီး အဲဒီနေရာက စွန့်ခွါလို့ တခြားအရပ်ကို ပြောင်းရွေ့ကြရ ပြန်ပါတယ်။ အဲဒီတော့ အဲဒီဆက်ကပ်ရုံမှာ ဆပ်ကပ်ပွဲကို လာရောက်ကြည့်ရှု့တဲ့ လူပေါင်းများစွာကို မိုးဒါဏ်၊ လေဒါဏ်၊ နေဒါဏ်တို့မှ လုံခြုံအောင် ကာကွယ်ပေးနိုင်ရပါမယ်။ နောက်ပြီး ဆပ်ကပ်တဲကို တည်ဆောက်တပ်ဆင်ရာနှင့် ပြန်လည်ဖြုတ်ယူ သိမ်းဆည်းရာတို့မှာလည်း လွယ်ကူအောင် စီမံထားရပါမယ်။ နောက် သယ်ယူရလွယ်ကူအောင်ပါ စီမံထားရပါမယ်။ အမြင့်ကိုလည်း ကောင်းကင်ကြိုးဘား ကစားသူတွေအတွက် ကောင်းစွာပြသ ကစားနိုင်အောင် မြင့်မြင့်မားမား တည်ဆောက်ထားရပါမယ်။ အဲဒီတော့ ဆပ်ကပ်တဲ တစ်လုံးဟာ ကြီးမားရမယ်။ ရောင်သွေးစုံလင်စွာ ရှိနေရမယ်။



ဒါတွေအပြင် ဖြုတ်သိမ်း လွယ်ကူပြီး ထရက်ကား(ကုန်တင်ကား) သို့မဟုတ် ရထားလမ်းပေါ်မောင်းနှင်နိုင်သော ကားရထားတို့ဖြင့် သယ်ယူရွှေ့ပြောင်းနိုင်အောင် စီမံထားရပါမယ်။ ထို့အပြင် အကယ်၍ ကုန်တင်ကားကြီးရဲ့ မော်တာစက်ပစ္စည်းတစ်ခုခု ပြင်ဆင်ဖို့လိုအပ်တယ်ဆိုလျှင်လည်း ကားဂိုထောင်အတွင်း ဆွဲယူပြင်ဆင်နိုင်အောင် ကားကြီးရဲ့ အရွယ်အစားကိုလည်း အဆောက်အအုံရဲ့ Function တစ်ခုအဖြစ် ထည့်သွင်းတွက်ချက်ထားရပါမယ်။ ပုံသဏ္ဍာန်ဟာ ကားရဲ့အရှည်၊ အမြင့်အတိုင်း တည်ဆောက်ဖို့ နှင့် တံခါးများကိုလည်း ကားကြီး ဝင်ထွက်နိုင်အောင် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ နောက် ကားရဲ့ အောက်မှ စက်များပြုပြင်နိုင်ရန် အလုပ်သမားဝင်ရောက်နိုင်ဖို့ Pit ကျင်းတစ်ခုလည်း ထားရှိရပါမယ်။ နောက် လေဝင်လေထွက် ventilation အထူးကောင်းမွန်အောင် air fans များ၊ Opening များ နှင့် Outlet များကိုလည်း ပြုလုပ်ထားရှိရပါမယ်။ အထက်ပါ လိုအပ်ချက်တွေ အားလုံးဟာ အဆောက်အအုံရဲ့ ပုံစံမှာ သက်ရောက်နေမယ့် အချက်များဖြစ်ပါတယ်။ အကြမ်းပြောရရင် ဆက်ကပ်ပြပွဲတစ်ခုအတွက် အဓိကလိုအပ်တဲ့ အဆောက်အအုံကတော့ ကြီးမားပြီး၊ အရောင်အသွေးစုံလင်စွာရှိနေမယ့် တဲကြီးတစ်လုံးပါပဲ။

အခုပြောတဲ့ သဘောတရားအတိုင်းပင် အဆောက်အအုံများနှင့်ပတ်သတ်ပြီး Function မှ Form အပေါ်တွင် လွှမ်းမိုးမှု မည်မျှအထိရှိကြောင်းကို သိနိုင်မယ်ထင်ပါတယ်။



Louis Sullivan (September 3, 1856 – April 14, 1924) "father of skyscrapers" လို့ နာမည်ကျော်တဲ့ အမေရိကန် အာခီတတ်ကြီးက သူ့အန္တေဝါသိကဖြစ်တဲ့ Frank Lloys Wright ကို " Form follows function" ဆိုတဲ့စကားကို ပြောခဲ့ဖူးပါတယ်။ အသို့ဆိုစေ အချို့ အဆောက်အအုံတွေကတော့ သူတို့ရဲ့ Function တွေ ကောင်းမွန် အဆင်ပြေ သော်လည်းပဲ သူတို့ရဲ့ Form က အင်မတန်အရုပ်ဆိုး အကျည်းတန်နေတာ၊ ပုံတုံးကြီးဖြစ်နေတာကို တွေ့ရတတ်ပါတယ်။



ကဲ ကျနော်တို့တွေ Function ဆောင်တာ နှင့်ပတ်သတ်ပြီး လက်တွေ့ ကျနော်တို့ဝန်းကျင်မှာ ရှိတာတွေနှင့် ယှဉ်ထိုး နှိုင်းယှဉ်မယ် ဆိုရင် ဘယ်လောက်များများ စဉ်းစားမိကြပါမလဲ...။ ဥပမာအနေနဲ့ ပြောရရင်.. ခဲချွန်စက် တစ်ခုမှာ ခဲတံချွန်ဖို့ ဓါးလေး မပါဘူးဆိုရင်၊ အမှိုက်တောင်းတစ်ခုမှာ အောက်ခံမပါဘူးဆိုရင်၊ သွားတိုက်တံတစ်ခုမှာ သွားတိုက်ဖို့ အမွှေးကြမ်းတွေ မပါဘူးဆိုရင်၊ နောက် ဥပမာ တစ်ခုအနေနဲ့ အိမ်တစ်လုံးမှာ အမိုးမပါခဲ့ဘူးဆိုရင် အစရှိတဲ့ အဓိကလိုအပ်ချက် ဆောင်တာတွေ မပါတဲ့ ကိရိယာတွေ၊ ပစ္စည်းတွေကို စဉ်းစားမိကြမှာပါ။ ဒါဆိုရင် ဆောင်တာ ဆိုတာ ဘယ်လိုအရာလဲ ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မယ်ထင်ပါတယ်။

ကျနော် အရင်က ရေးခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment) မှ The Three Bears ပုံပြင်မှ ပစ္စည်းများကို မှတ်မိကြမယ်ထင်ပါတယ်...။ အဲဒီထဲမှ အချို့ ပစ္စည်းတွေဟာ ဇာတ်ဆောင် ဂိုဒီလော့လေးအတွက် အဆင်မပြေဖြစ်နေပြီး အသုံးမဝင်ပါဘူး။ အချို့ပစ္စည်းတွေဟာတော့ သူမနှင့် အံဝင်ခွင်ကြ သင့်တော်နေတာကိုတွေ့ နိုင်မှာပါ။ ဘယ်ပစ္စည်းတွေဟာ သူမနှင့် အဆင်ပြေခဲ့တယ်ဆိုတာ မှတ်မိပါသလား။ အဲဒီသူမနှင့် အဆင်ပြေတဲ့ ပစ္စည်းတွေဟာ သူမအတွက် သူမရဲ့ အရွယ်အစားနှင့် ကိုက်ညီပြီး သူမလိုအပ်ချက်နှင့် ပြည့်စုံတဲ့ ပစ္စည်းတွေပါပဲ။ အဲဒီတော့ အဲဒီပစ္စည်းတွေဟာ သူမအတွက် Functional things တွေလို့ ပြောနိုင်ပါတယ်။ တနည်းပြောရရင်
အသုံးဝင် အသုံးကျတဲ့ ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။

တခါတရံမှာ အသုံးပြုတဲ့ ပစ္စည်း materials တွေကလည်း အရာဝတ္ထုတစ်ခုကို အသုံးပြုလို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ လွှမ်းမိုးတတ်ပါတယ်။ ဥပမာပြောရရင် ခေါင်းအုံးတွေကို သံမဏိနှင့် ပြုလုပ်ထားမယ်ဆိုရင် အဘယ်သို့ ရှိမလဲ။ အင်မတန် အိပ်လို့ ကောင်းမယ်လို့ ထင်ပါသလား။ နောက် သစ်သားဖြင့်ပြုလုပ်ထားတဲ့ တံခါး၊ ပြူတင်းပေါက်များ ဆိုရင်ရော အဆင်ပြေကြပါမလား။ အဆင်ပြေတယ်ဆိုရင်ရော ဘာကြောင့်များ အဆင်ပြေကြပါသလဲ ဆိုတာ စဉ်းစားနိုင်ကြမယ်ထင်ပါတယ်။ အသုံးပြုတဲ့ ပစ္စည်းက သုံးစွဲသူရဲ့ လိုအပ်ချက်နှင့် အဆင်ပြေ ကိုက်ညီဖို့လိုအပ်နေလို့ပါပဲ။

ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းဝတ္ထုတွေကို Function ကြောင့် ဘယ်လိုတည်ဆောက်ထား ကြသလဲ...ဆိုတာကိုလည်း စဉ်းစားတွေးတော ကြည့်သင့်ပါတယ်။ ဆရာတစ်ယောက် သို့မဟုတ် အကြီးအကဲတစ်ယောက် ထိုင်တဲ့ ဆုံလည်ကုလားထိုင်တစ်လုံးရဲ့ Form ဆိုရင် Function အနေဖြင့် အဆင်ပြေမည်လား။





ပုံမှာပြထားတဲ့ လေယျာဉ်ပျံတစ်စင်းရဲ့ ပုံစံကိုကြည့်ပြီး သူ့ရဲ့ Function ဟာ သူ့ရဲ့ Form ကိုလွှမ်းမိုးမှု ရှိမရှိဆိုတာကို စဉ်းစားကြည့်လိုက်ပါအုန်း…။



အထက်က ပုံမှာပြထားတဲ့ ချီကာဂို မှာရှိတဲ့ ဗိသုကာ Skidmore, Owings and Merrill (SOM) ရဲ့ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ Willis Tower (formerly named, and still commonly referred to as Sears Tower) ရဲ့ Form ကို သူ့ရဲ့ Function က ဘယ်လို လွှမ်းမိုး အကျိုးသက်ရောက်မှုရှိနေပါသလဲ။ အဲဒီအဆောက်အအုံကြီး လှပခန့်ညားတယ်လို့ ထင်ပါသလား။ အဲဒီအဆောက်အအုံဟာ ပြိုင်စံရှားလှတဲ့ ဗိသုကာကြီးရဲ့ Rectangular tubes ပုံတွေကို စုစည်းထားတဲ့ အိုင်ဒီယာကို တည်ဆောက်မှုမှာ အသုံးပြုထားခြင်းပါပဲ။ Rectangular tubes ကြီးများ တစ်ခုနှင့် တစ်ခု အားပေးထောက်ကူထားတဲ့ ပုံမျိုးပေါ်နေပါတယ်။ အခြားသော အဆောက်အအုံများမှာလည်း အလားတူ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်....။

အခု Function ဆောင်တာ အကြောင်းပြောရင်း ဆောင်တာအပေါ်မှာ ဘယ်လောက်အထိနားလည်လိုက်သလဲ ဆိုတာမေးခွန်းလေးတွေ မေးကြည့်ပါမယ်...။ မူရင်းစာအုပ်မှ ရေးသားထားသော ဥပမာများအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

1. Function is to form as fire/heat is to ________ . (Chimney, firebrick, etc.)
2. How it look and how you use it are the same as its ________. (Form)
3. Form is to function as __________ is to lawn sprinkler. (Horse, pipe, spout)
4. Form is to function as __________ is to __________ .

စဉ်းစား အဖြေရှာရင်း Function အကြောင်းပိုမိုနားလည် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးအနေဖြင့် အိမ်တစ်လုံးကို Function နှင့် Form ကို ကောင်းမွန်စွာ ဆက်စပ်ဖွဲ့စည်းထားသော ဒီဇိုင်းလေးတစ်ခုကို လေ့ကျင့်ရင်း လုပ်ဆောင်ကြည့်ပါခင်ဗျာ။ အဲဒီအိမ်လေးဟာ အသုံးလည်း ဝင်ရမှာ ဖြစ်သလို ကြည့်ပျော်ရှု့ပျော် ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ အဲ.. နောက်တစ်ခုအနေနဲ့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းများမှ တချို့ပစ္စည်းများကို ပြန်လည် ဒီဇိုင်းပြုလုပ်ကြည့်ပါ...။ တစ်ခုသတိထားရမှာက အဲဒီပစ္စည်းကို သင်ဘယ်လိုအသုံးပြုတယ် ဆိုတာကို လစ်လျူရှု့ထားလိုက်ပါခင်ဗျာ။ အချုပ်ပြောရမယ်ဆိုရင် ဒီဇိုင်းတစ်ခုလုပ်ရာမှာ အဲဒီ ဒီဇိုင်းရဲ့ Function အသုံး သို့မဟုတ် ဆောင်တာနှင့် Form ပုံသဏ္ဍာန် တို့ ယှက်နွယ်ပေါင်းစပ်မှုကို စိုးရိမ်ပူပန်မနေပဲ ရဲရဲသာ ဒီဇိုင်းပြုလုပ်ဖို့ပါပဲ ခင်ဗျာ။

လေးစားစွာဖြင့်
MMO

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ