Saturday, October 2, 2010

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)



မဲမှောင်နေသော ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုဖြစ်နေသည်။ ကျနော့ ပင်ကိုယ် စိတ်ကပင် အလွမ်းကို အားသန်သည်လားမသိပါ...။ တခုခုအကြောင်းရှာပြီး လွမ်းနေချင်တတ်တာ ဝါသနာပါနေသည်။ မိုးလေး အုံ့ရင်လွမ်းသည်။ လေပြေလေး တိုက်ရင်လွမ်းသည် သစ်ရွက်ကလေးတွေ လေအဝှေ့လွင့် ဝဲသွားတာ မြင်ရရင်လည်းလွမ်းတတ်သည်။ ကိုယ့်မွေးရပ်မြေကလည်း ကန်ရေသောက်၊ မြက်ခြောက်စားလို့ အပြောခံရအောင် ခိုးခိုးခေါင်ခေါင်ရှားပါးဒေသမဟုတ်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကိုတော့ မမေ့နိုင်တာကတော့ အမှန်ပင်။
စိတ်ထဲမှာ အားရပါးရ လွမ်းနေတုန်း ဖုန်းမြည်သံကြောင့် အတွေးတွေပျောက်သွားပြီး ဖုန်းကိုကိုင်လိုက်တော့ ဘော်ဒါကြီး MTZO ပင်။
“အော်.... တတ်လာခဲ့ဗျာ... ငါးထပ်လေ... ကျနော် အပြင်ကထွက်စောင့်နေမယ်... အိုကေနော်...”
တံခါးသော့ယူလိုက်ပီး အခန်းထဲက ထွက်ကာ အိမ်တံခါးဖွင့်ပြီး MTZOကို စောင့်နေလိုက်သည်။
“ဘယ်ကလှည့်လာတာလဲဗျ...”
“ခင်ဗျားဆီပဲ တမင်ဝင်လာခဲ့တာဗျ...”
“အင်းထိုင်အုန်းဗျာ... ကျနော်... အခန်းလေးနည်းနည်းရှင်းလိုက်အုန်းမယ်...”
“မိုးလေးနည်းနည်းအုံ့တော့ စိတ်ထဲ လွမ်းချင်သလိုလိုပဲဗျာ...”
“အဟုတ်ပဲဗျာ.... ကျနော်လည်း အဲလိုဖြစ်နေတာ... ဘာကိုလွမ်းမှန်းမသိလွမ်းနေမိတာဗျ... အဲလိုလွမ်းမိရင် ရှေးကသီချင်းစာသားလေးတွေ စိတ်ထဲသတိရမိ တတ်တယ်ဗျ...”
“ဟုတ်လား လုပ်စမ်းပါအုန်း ဘယ်သီချင်းစာသားများလဲ...”
“အသက်ကလေးရယ် ရှည်စေလို... မြနန္ဒါနေညိုသန်းတယ်... မန်းတောင်ရိပ်ခိုဆိုတဲ့ သီချင်းပဲဗျာ... ကျနော်လည်း တပိုင်းတစပဲရတာဗျ...”
“အင်း... ကျနော်လည်း ကိုယ်မြို့ကိုယ့်ရွာ ကိုလွမ်းတာပဲဗျာ... အထူးသဖြင့် ကျနော်တို့ လင်မယား တပြည်တရွာ လာရှာနေချိိန် မိဘတွေနှင့် ကင်းကွာနေတဲ့ ကလေးအတွက်လည်း တခါတခါ စိတ်မအေးရဘူးဗျာ....”
“ဟုတ်တယ် ကိုသန့်ဇင်ရာ... တွေးရင်ဆွေးစရာတွေ အများကြီးပါဗျာ... တတ်နိုင်သမျှတော့ မဆွေးဖြစ် မလွမ်းဖြစ်အောင် နေရတာပဲ...။”
“ဒါနဲ့ ဒီနေ့ ဘယ်သွားစရာရှိသလဲဗျ...”
“အထူးတော့ မရှိဘူး”
“ဒါဆိုကျနော်တို့ ဖိုရမ်အတွက် တချို့စာ မပြတ်တာလေး တွေ လုပ်စမ်းပါအုန်းဗျာ...”
“အင်း ဟုတ်တယ်ဗျာ အတော်များများ တိုးလို့တန်းလန်းတွေ ဖြစ်နေတာ များတယ်... ဘယ်အကြောင်းဆက်ရင် အဆင်ပြေမလဲဗျ...”
“ကျနော်ပြန်ကြည့်ထားတာမှာ ဟိုတလောကပြောခဲ့ဖူးတဲ့ ပြာသာဒ်အကြောင်း သတိရမိတယ်ဗျာ... ပြာသာဒ်ရဲ့ အခေါ်အဝေါ် အစိတ်အပိုင်းတွေ အကြောင်းပြောမယ်ဆိုတာ အဲဒါ ဘာမှ ဆက်မလာတော့ တိုးလို့တန်းလန်းကြီး အတော်ဆိုးသဗျ....။”
“အင်း...ဟုတ်ပါပြီဗျာ...”
“ဒါဆိုပြာသာဒ်အစိတ်အပိုင်းတွေ ဘယ်နှစ်မျိုးရှိသလဲကစပြောဗျာ”
“ ပြာသာဒ်အစိတ်အပိုင်းကို အကြမ်း ၅ ပိုင်းခွဲပြီး ပြောလို့ရတယ်ဗျာ....”
“အင်း....ဆိုပါအုန်း ဘာတွေလဲဆိုတာ”
၁။ ထီး
၂။ ထုပိကာ
၃။ ကလပ်
၄။ ဘုံ အဆင့်များနှင့်
၅။ မုခ် ဆိုပြီး အကြမ်းဖျဉ်းခွဲ ထားတယ်ဗျ...”
“ဒါတင်ပဲလားဗျ... ကျနော်တွေ့တာတော့ ရှုပ်ရှပ်ခက်နေတာပဲဗျာ...”
“လာမယ်လေဗျာ လောရန်ကော ကိုယ့်လူရယ်...”
ဒီမှာ ဒီပုံလေးကိုကြည့်ဗျာ....





“အပိုင်း ၁ မှာပါတဲ့ ထီးတော် မှာ စိန်ဖူး၊ ငှက်မြတ်နား၊ နှင့် ထီးတော်ရဲ့ ဘုံအဆင်တွေပေါ့... အဲဒါ ထီးမှာ ပါတဲ့ အကြမ်းအစိတ်အပိုင်းတွေ။
အပိုင်း ၂ ထုပိကာ မှာ ငှက်ပျောဖူးပုံ ရှည်မျောမျော ထီးတော်အောက်ခြေကအပိုင်းပဲဗျ...။ ထုပိကာမှာ ကြက်သွန်ခေါင်း၊ ဇိလို့ခေါ်တဲ့ (လည်)၊စတာတွေနှင့် ငှက်ပျောဖူး အောက်ခြေနား ဖောင်းဖုသွားတဲ့ နေရာကို တင်းလို့ခေါ်တယ်...။
အပိုင်း ၃ ကလပ်မှာတော့ ကြာမှောက်၊ကြာလှန်၊ အပေါ်ခလုတ်၊ အောက်ခလုတ်၊ နောက် ရာမလက်ညှိုး ၊ နောက် ကလပ်ပန်းဆွဲ- မုံလာဖတ် စတဲ့ အစိတ်အပိုင်းတွေ ပါလာတယ်..။
အပိုင်း ၄ ဘုံအဆင့်တွေမှာ ဘုံအဆင့်အဆင့်တွေနှင့် သူနှင့်ဆိုင်တဲ့ ဒုရင်တွေ၊ ထောင့်ပန်းတွေ မုခ်ပန်းတွေပါတယ်ဗျ...။ ဘုံအဆင့်တွေမှာ ခေါင်မိုးတွေကို ရေဆင်းလို့ခေါ်တယ်...။ ခေါင်အုပ်လေးတွေ နေရာမှာ တချို့ ပြာသာဒ်တွေမှာ ကြက်မောက်တန်းလို့ခေါ်တဲ့ ခေါင်အုပ်ကို အလှဆင်ထားတဲ့ ပန်းလေးတွေ တွေ့နိုင်တယ်...။ မုခ်ပန်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ၊ ဒေါင့်ပန်းတွေမှာ ပါတဲ့ အစိတ်အပိုင်းတွေ အဲဒါတွေကိုလည်း သူ့အစိတ်အပိုင်းအလိုက် အခေါ်တွေရှိသေးတယ်...။
အပိုင်း ၅ မုခ်မှာ အောက်ဆုံးအဆင့်ဆိုရင် မုခ်ထပ်၊ မုခ်ထွက်- ယွန်ဆက်လို့ ခေါ်တဲ့ မုခ်ပေါက်ကို တန်ဆာဆင်ထားတာတွေ အဆောင်အကူးမှာ တန်ဆာဆင်တာတွေ ရှိသေးတယ်...။
“အင်း အတော် စိတ်ဝင်စားစရာပဲဗျာ... ဒါနဲ့ ပြာသာဒ်လုပ်ရင် သတိထားရမယ့်အချက်လေးတွေလည်း သိချင်သေးသဗျ၊ နောက် သူ့ရဲ့ အချိုးနှင့် အရွယ်အစားတွေရော ဘယ်လိုပိုင်းသလဲ... အဲဒါတွေလည်း လုပ်စမ်းပါအုန်း...”
“ အင်း... ပြာသာဒ်ပုံစံထုတ်ရင် ပထမဘုံ အဲ Floor Plan ကနေအခြေတည်လာမယ့် ခန်းဖွင့်ကို အခြေခံထားပြီး စဉ်းစားတယ်ဗျ...။ အဲဒါပထမ အချက်။ နောက် ဒုတိယအနေနှင့် ဘုံဘယ်နှဆင့်လုပ်မလဲဆိုတဲ့ ဘုံဆင့်အရေအတွက်...။ အများအားဖြင့် ဘုံဆင့်တွေကို မြန်မာပြာသာဒ်တွေမှာ မဂဏန်းတွေပဲ ထားတာများတယ်...။ သုံးဘုံကိုအနည်းဆုံးထားပြီး...။ ၃ ၊ ၅ ၊ ၇ ၊ ၉ ၊ ၁၁ ၊ ၁၃ အစဉ်အတိုင်း ထားတတ်ကြတယ်။ ၁၃ ဘုံအထိတော့ အများဆုံးထားတာပဲဗျာ...။ ပြာသာဒ်ကို စုံဂဏန်းမတွေ့ရဘူးလို့ ပြောတယ်ဗျ...။ တတိယ အချက်ကတော့ အတော်လေးအရေးကြီးတယ်...”
“ အင်းဆိုစမ်းပါအုန်း...။”
“ပြာသာဒ် အတင်း၊ အပျော့ကိုရွေးတာပဲ ၊ အတင်းဆိုတာ အဖြောင့်ပြာသာဒ်ကိုဆိုချင်တာ၊ အပျော့ဆိုတာ ခပ်ကွေးကွေးပြာသာဒ်ပေါ့...။”
“ဘယ်လို... သိပ်မရှင်းဘူးဗျာ... ဘယ်နေရာ ကွေးပြီး ဘယ်နေရာ ဖြောင့်တာလဲ...။”
“ဒီလိုဗျာ ပြာသာဒ်ဘုံ အဆင့်တွေမှာရှိတဲ့ အမိုးစွန်း အချွန်လေးတွေရဲ့ ထိပ်တွေကို မျက်လုံးနှင့် မှန်းပြီး မျဉ်းလေးဆွဲလိုက်ရင် ဖြစ်လာတဲ့ မျဉ်းကြောင်းလေးရဲ့ အကွေး၊ အဖြောင့်ကို ဆိုချင်တာ...။ အဲဒီမျဉ်းလေး ကွေးတယ်ဆိုရင် အပျော့ ပြာသာဒ်၊ အဲဒီမျဉ်းလေး ဖြောင့်နေတယ်ဆိုရင် အတင်းပြာသာဒ်ပေါ့...။ ပုံလေးနှင့် ဆိုရှင်းသွားလိမ့်မယ် ဒီပုံလေးကြည့်လိုက်ဗျာ...။



“အင်း ဒီလိုဆိုတော့ ပိုရှင်းသွားတယ် MMO ရေ... ဒါနဲ့ ဘုံအဆင့်တွေကိုရော ဘယ်လိုပိုင်းသလဲ...”
“ဘုံပိုင်းတာကတော့ ခုနပြောထားတဲ့ Floor Plan ပထမဘုံမှာရှိတဲ့ အခန်းဖွင့် အခန်းအကျယ်... အဲ... တိုင်တွေရဲ့ အလယ်အတိုင်းအတာကို အခြေတည်ရတယ်...။
မြန်မာအခေါ် column တိုင်တွေကို ကွန်းတိုင်လို့ ခေါ်သဗျ...။ အဲဒီ ကွန်းတိုင်တွေနှင့် ခန်းဖွင့် တိုင်းပြီး Eave Line အမိုးစွန်းဘယ်လောက်ထွက်မလဲ ဆိုတာ တွက်ပြီး အဲဒီအမိုးစွန်း ဘယ်ညာနှစ်ဘက်ပါ ပေါင်းထားတဲ့ အလျားကို အခြေခံ အနေနဲ့သုံးတယ်...။ အဲဒီအနားကို L လို့ သတ်မှတ်မယ်ဆိုရင် ပြာသာဒ်ရဲ့ အမြင့်ကို ငါးမတ်ချိုး(၁ ၁/၄ ဆ) ၊ တစ်ပြန်ခွဲချိုး (၁ ၁/၂ဆ)၊ မတ်တင်းချိုး (၁ ၃/၄ )၊ နှစ်ပြန်ချိုး (၂ ဆ) ဆိုပြီး အချိုးတွေ သတ်မှတ်ထားကြတယ်...။ ကျနော်ပုံလေးနှင့် ပြလိုက်မယ် ဒီမှာ ကြည့်လိုက်ဗျာ....။”



“လေးမျိုးတောင် ရှိပါလား...။”
“ဟုတ်တယ် ကိုသန့်ဇင်”
“အချိုးအမျိုးမျိုးရှိတာတော့ ဟုတ်ပါပြီ အဲဒါတွေကို ဘယ်နေရာမှာ ဘယ်အချိုးသုံးသလဲ ဆိုတာပြောအုန်းဗျာ...။”
“ငါးမတ်ချိုးနှင့် တစ်ပြန်ခွဲချိုးတွေကို မြေပြင်ကနေ အမြင့်သိပ်မကွာတဲ့ အဆောက်အအုံတွေရဲ့ ထိပ်မှာ ပြာသာဒ်အဖြစ် ဆောက်တတ်ကြတယ်ဗျ...။ ဘုံအမြင့်တွေကတော့ ပြာသာဒ် ခန်းဖွင့်အလိုက် အကြီးအသေးကွာသွားတယ်...။ မြေပြင်ညီ တစ်ထပ် အဆောက်အအုံတွေမှာ အများအားဖြင့် ငါးမတ်ချိုးပဲ သုံးကြတယ်...။ အဲ...ခန်းဖွင့်အရမ်းကြီးလွန်းရင် တစ်ပြန်ခွဲ အချိုးပဲ ထားတတ်ကြတယ်...။ တစ်ပြန်ခွဲပဲထားမယ်ဆိုရင်တော့ ၁၀ပေ ကျော် ပတ်ဝန်းကျင်လောက် မြင့်တဲ့ ကုန်းမြင့်တွေပေါ်မှာ အဆောက်အအုံတည်ထားတာမျိုးဆိုရင် တစ်ပြန်ခွဲကိုပဲ လုပ်ပစ်လိုက်ကြတယ်...။”
“ဒါဆို မတ်တင်းနှင့် ၂ပြန်အချိုးတွေကို အရမ်းမြင့်တဲ့ အဆောက်အအုံတွေနှင့် တောင်ကုန်းတွေ၊ ကုန်းမြင့်တွေပေါ်မှာ ဆောက်ကြမှာပေါ့”
“ဟုတ်တယ်ဗျ... ကျနော့်အထင် အဲဒါက မျက်စိအမြင် vision အရ အချိုးကို ချိန်လိုက်တယ်ထင်တယ်ဗျာ...။ မန္တလေး နန်းတော်မှာရှိတဲ့ နန်းမြင့် မျှော်စင်လို အဆောက်အအုံတွေဆိုရင် အဲလို အချိုး များများထားပြီး ဆောက်တတ်ကြတယ်...။
“အင်းဗျာ...ရှေးက မြန်မာဗိသုကာကြီးတွေ အမြင်ကို ပသာဒဖြစ်အောင် ပြုရာမှာ အချိုးတွေ လိုသလိုကစားတတ်တဲ့ အသိက အတော်လေး စိတ်ဝင်စားဖို့ကောင်း သလို လေးစားဖို့လည်း ကောင်းတယ်နော်...။ ”
“ဒါပေါ့ ဗျာ... ဒီမှာ အောက်ကနမူနာ ပုံလေးကို ကြည့်လိုက်ဗျာ အဲလိုစီစဉ်တတ်ကြတယ်ဗျ....။”



“ဟုတ်ပါ့ဗျာ အချိုးဆိုတာလည်း သူ့နေရာ နှင့်သူထားတတ်မှဗျ... မဟုတ်ရင် မမြင့်မတင့်တာတွေ ဖြစ်နေတတ်တယ်...။”
“အေးဗျ... တချို့နားမလည်တဲ့သူတွေ ဆောက်ရင် မြေပြင်နိမ့်နိမ့်မှာ ၂ပြန်ချိုးပြာသာဒ်ကိုချိုးပြီး ဆောက်လိုက်လို့ကတော့ ပိန်ပိန်ချွန်ချွန်နှင့် အတော်အကြည့်ရဆိုးမယ်ဗျ... အရမ်းမြင့်တဲ့နေရာတွေမှာ ငါးမတ်ချိုးလောက်သာ ဆောက်ထားရင် ပုအိုက်အိုက်နှင့် အောက်ကနေကြည့်တဲ့သူ အတွက် ကသိကအောက်ဖြစ်နေမှာ သေချာတယ်ဗျ... ပြာသာဒ်ရဲ့ အလှကို အားပါးတရ ခံစားလို့ မရနိုင်တော့ သလိုဖြစ်သွားနိုင်တာကိုး...”
“ဒါတော့ ကျွမ်းကျင်ရာ လိမ္မာဆိုသလို ဆောက်လုပ်ဖူးတဲ့ ဗိသုကာတွေ အချိုးအစားနားလည်တတ်ကျွမ်းတဲ့ အာခီတတ်တွေ ဆောက်လုပ်ကြမယ်ဆို ကောင်းမွန်တဲ့ ပြာသာဒ်တစ်ဆောင ်ဖြစ်လာမှာပါဗျာ...”
“အေးဗျာ... ကျနော်တို့တွေလည်း တဖြည်းဖြည်းပဲ လေ့လာဆည်းပူးနေကြရတယ်... ကျနော့စိတ်ထဲ ခုထိဘာမှ ဟုတ်တိပတ်တိမတတ်သေးဘူးထင်နေတယ်ဗျာ... ထင်တာမဟုတ်ပါဘူးလေ... တကယ်လည်း မတတ်သေးတာပါ....”
“အဲလိုလည်း မဟုတ်သေးဘူးလေ... ခုကျနော့ကိုပြောပြတာတွေဟာ ခင်ဗျား အသိအတတ်တွေပဲပေါ့...”
“အော်ကျနော်ပြောတာလေးတွေက မြန်မာမှု ဗိသုကာပညာရဲ့ မစို့မပို့ အစိတ်အပိုင်းလေးလောက်ပါပဲ... ဆရာ့ဆရာကြီးတွေ ဆီမှာ နောင်များ ဆည်းပူးခွင့်ရမယ်ဆိုရင်တော့ ကျနော် ဝမ်းသာအားရ ဆည်းပူးချင်သေးတယ်ဗျာ...”
“အင်း အချိန်တန်လို့ ကျနော်တို့တွေ ပြည်တော် ပြန်ဖြစ်ကြမယ်ဆိုရင်ပေါ့ဗျာ...”
“ဟုတ်တယ်ဗျာ အဲဒီအချိန်ပဲ ဘယ်တော့ဖြစ်လာမလဲ ဆိုတာ တွေးနေမိတယ်... ကဲကျနော်တို့ တစ်ခုခုစားဖို့ အောက်ဆင်းကြရအောင်ဗျာ”
“ကောင်းပြီဗျာ အောက်နားက KFC ဆိုင်လေးပဲ ပြေးလိုက်ကြရအောင်ဗျိုုး..”
“အိုကေဗျာ”

လေးစားစွာဖြင့်
MMO

No comments: