Thursday, September 22, 2011

"ဟင်းလင်းခွင် နှင့် အတွေး"

"ဟင်းလင်းခွင် နှင့် အတွေး"

ချိုးနှစ်ကောင်၊
ထနောင်းပင်ညီနောင်က၊ လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊
ဖိုးတောင်သူ့တဲ။
အညာ ကျေးလက်ဒေသနေ တောင်သူလယ်သမားကြီးတစ်ဦး၏ လယ်တဲလေးကို ရေးဖွဲ့ထားသော ဒွေးချိုး ကဗျာလေးသည် ယနေ့တိုင် စိတ်အတွေးထဲ စွဲထင်နေဆဲ။ ထနောင်းပင်ညီနောင်ထံမှ ချွဲချွဲနွဲ့နွဲ့ ကူလိုက်သော ချိုးလေးနှစ်ကောင်၊ ထူထူဆိုင်းဆိုင်း ပေါက်ရောက်နေမည့် ပဒေါ်မြက်အုပ်များနှင့် လယ်တဲငယ်ငယ်လေးအကြောင်းကို ကဗျာလေးက ပြောပြနေသည်။ ကဗျာလေးကို ရွတ်လိုက်တာနှင့် လယ်တဲငယ်ငယ်၊ ထနောင်းညီနောင်နှင့် ချိုးမောင်နှံတို့ဖြင့် အညာဒေသ ဟင်းလင်းခွင်လေး၏ အသွင်အပြင်ကို မြင်ယောင်မိစေသည်။ တစ်နည်းအားဖြင့် ခေတ်ကို ထင်ဟပ်နေသော၊ အချိန် ကာလ နေရာ ဒေသ တို့ကို ပြောပြောနေသော ကဗျာလေးဖြစ်သည်။ ရိုးရှင်းသော ပန်းချီကားတစ်ချပ်ကို စိတ်ဝိဉာဉ်တွင် ခံစားတွေ့နိုင်သည်။ သို့ဆိုလျှင် ဟင်းလင်းပြင် တစ်ခုအတွင်း ဖြစ်ပေါ်လာသော အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု များသည် စာပေ၊ ဂီတ အနုပညာများဖြင့် ပုံတူကူးရေးနိုင်သည်လား။ ပန်းချီ၊ ပန်းပုများဖြင့် အသွင်ပြောင်း ထုဆစ်နိုင်သည်လား။ ဟင်းလင်းခွင်တို့အား ဖန်တီးအလှဆင်မှုသည် အနုပညာလေလား၊ အတတ်ပညာလေလား။ ရိုးရှင်းသော ကဗျာလေးအပေါ် အတွေးနယ်ချဲ့မှုများစွာဖြင့် စိုးမိုးသွားမိသည်။ သေချာသည်မှာ ခံစားသိဖြင့် သိနိုင်သော အနုပညာ၊ လိုအပ်မှုဖြင့် ဖန်တီးနိုင်သော အတတ်ပညာများသည် လူသားတို့၏ နှလုံးအိမ်ကို အစဉ်ထာဝရ စွဲဆောင်နေမည်သာ။
_._._._._._._._._._._._._._._._.

"ဟင်းလင်းခွင် နှင့် ရှင်းလင်းဖြေဆိုမည့် ပြဿနာ"

Fine Arts အနုပညာတို့သည် သူ့ဆန္ဒ သူ့သဘောဆောင်ပြီး ခံစားမှုကို လွတ်လပ်စွာ ဖန်တီးခွင့်ရှိသည်။ အနုပညာသည် သူ့ဘဝ၊ ခံစားမှုကို ဖော်ထုတ်ခြင်းသည် သူ့အလုပ်ဖြစ်သည်။ သူ၏ နောက်ဆုံး workdone, သူ့ဖန်တီးမှု၏ နောက်ဆုံးအဖြေသည် သူတည်း တစ်ယောက်နှင့်သာ သက်ဆိုင်နေသည်။ ဟင်းလင်းကို ဖွဲ့ဆိုသူ ဒီဇိုင်းပညာရှင်တို့အတွက်မှု သူ၏ တစ်သီးပုဂ္ဂလိက ဆန္ဒထက် Client (အလုပ် အပ်နှံသူ) ၏ စိတ်ကူးနှင့် လိုအပ်မှုကို စနစ်တကျ အဖြေရှာ၍ လူအများလက်ခံအောင် ဖန်တီးပေးမှုသည် သူ့ဘဝ၊ သူ့အလုပ်၊ သူ့အနုပညာ ဖြစ်သည်။ ထို့အတွက် ဟင်းလင်းခွင် (Space) တစ်ခုကို ဖန်တီးပြုလုပ်ခြင်းသည် ပြဿနာတစ်ခုအား ရှင်းလင်းဖြေဆိုခြင်းနှင့် သဏ္ဌာန်တူပေသည်။ ဟင်းလင်းတစ်ခု၏ ထုထည်အတွင်း ကျွန်တော်တို့ လှုပ်ရှားသွားလာနေထိုင်သည်။
ပုံသဏ္ဌာန်အမျိုးမျိုးကို ကြည့်မြင်ခံစားလိုသည်။ နှစ်လိုဖွယ် အသံအမျိုးမျိုးကို ဖန်တီးနားဆင်လိုသည်။ လေပြေလေညင်းလေးများ ထိကပါး ရိကပါး ကျီစားတာကို ခံစားနိုင်လိုသည်။ နေရောင်ခြည်မှ တဆင့်ရရှိသော  နွေးထွေးသော အထိအတွေ့ကို လိုလားသည်။ အချိန်တန် ပွင့်လန်းလာသော့ ပန်းရနံ့လေးများကို ခံစားလိုသည်။ ထို့အတွက် ဒီဇိုင်းပြုလုပ်ခြင်းသည် ဟင်းလင်းပြင်အတွင်း အသုံးပြုသူများ၏ အဆင်ပြေချောမွေ့မှု ,  အသုံးဝင် အကျိုးရှိမှု (functional improvement) ၊ ထို Space ၏ လှုပ်ရှားသက်ဝင်မှု , သာယာငြိမ်းချမ်းမှု (Aesthetic enrichment ) နှင့် စိတ်အတွေး၏ တောင့်တမှုကို ဖြည့်စွက်ပေးမှု (Psychological enhancement) တို့အား စနစ်တကျ အဖြေရှာ ဖော်ထုတ်ခြင်းဟု ဆိုရပေမည်။ Space သည် ဒီဇိုင်နာ တစ်ယောက်အတွက် ပင်မ ပစ္စည်းတစ်ခု၊ Space တစ်ခုအတွင်း နေထိုင်သူများ၏ လှုပ်ရှားမှု၊ သဘောထား၊ ခံစားမှုနှင့် ထိုသူတို့၏ သီးသန့် ဖြစ်တည်မှုတို့အပေါ် အခြေတည်၍ လိုအပ်ချက်များကို အဖြေရှာခြင်းသည် ဒီဇိုင်နာတစ်ယောက် လိုက်နာရမည့် အခြေခံ သဘောတရားပင် ဖြစ်သည်။
ဒီဇိုင်းတစ်ခုသည် ပြည့်စုံသည်။ အကြောင်းမှာ လိုအပ်ချက်များအားလုံး ချောချောမွေ့မွေ့ရရှိ၍ ဖြစ်ပေမည်။ ဒီဇိုင်းတစ်ခုသည် ကောင်းမွန်မည်။ အကြောင်းမှာ စီးပွားရေးအရ တွက်ခြေကိုက်၍ ကြာရှည်ခံ အကျိုးရှိသောကြောင့် ဖြစ်ပေသည်။ ဒီဇိုင်းတစ်ခုသည် နှစ်လိုဖွယ် ရှိသည်။ အကြောင်းမှာ စိတ်အတွေး၏ တောင့်တမှုကို ဖြည့်စွက်ပေးနေသည်။ ဒီဇိုင်းတစ်ခုသည် အဓိပ္ပါယ်ရှိသည်။ အကြောင်းမှာ ဖော်ပြလိုသော သဘောထားနှင့် အချိန်ကာလတို့ကို ညွှန်းဆိုနေသည်။ သို့သော် ဟင်းလင်းခွင်တစ်ခုအတွက် ပြီးပြည့်စုံသော အဖြေတစ်ခုသည် မည်သည့်အခါမှ ရရှိမည် မဟုတ်ချေ။ လိုအပ်မှုနှင့် ဖန်တီးလိုမှုတို့ကိုသာ အချိုးညီညီ အကောင်အထည် ဖော်ဆောင်ခြင်းသည် ဒီဇိုင်းတစ်ခု ဖန်တီးခြင်း ဖြစ်ပေသည်။ ဒီဇိုင်းတစ်ခုသည် တစ်နည်းအားဖြင့် ဟင်းလင်းခွင် တစ်ခုအတွက် ရှင်းလင်းဖြေဆိုရမည့် ပြဿနာတစ်ခုပင် ဖြစ်ပေသည်။
_._._._._._._._._._._._._._._._.

"ဟင်းလင်းခွင် နှင့် ဒီဇိုင်းပညာရှင်"

တိုးတက်လာသော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းနယ်ပယ်တွင် လူသားများသည် မိမိတို့ နေထိုင် လုပ်ကိုင်နေရသော အဆောက်အဦးများအား အမိုးအကာ လုံရုံဟူသော အနေအထားမျိုးတွင် ရောင့်ရဲတင်းတိမ် နေခြင်း မရှိတော့ပဲ တစ်နေ့ထက် တစ်နေ့၊ တစ်ရာသီထက် တစ်ရာသီ ပိုမိုဆန်းသစ်သော အဆင်တန်ဆာ ဒီဇိုင်းများဖြင့် ဖန်တီးပြုလုပ်ရန် ဆန္ဒရှိလာကြသည်။ ရှေးခေတ် အတီတေကလည်း ရှေးခေတ်အလျောက်၊ တိုးတက်သော နည်းပညာခေတ်တွင်လည်း နည်းပညာ ဖန်တီးမှုများအလျောက် လူသားတို့၏ လိုအပ်ချက် စိတ်ဆန္ဒတို့မှာလည်း တစ်ဆထက်တစ်ဆ မြင့်မားလာကြပေသည်။ စင်စစ်အားဖြင့် ထိုအရာသည် ခေတ်၏ လိုအပ်ချက် မဟုတ်၊ စနစ်အတွက် လိုအပ်ချက်မဟုတ်၊ "လူ"ဆိုသော အသစ် အသစ်ကိုမှ ခုံမင်တတ်သော သဘောထားကြောင့် ဖြစ်ပေသည်။ လူသားတို့၏ အသစ်၊ အသစ်သော ဆန္ဒများနှင့် လိုလားချက်များအတွက် ထိုထို လိုအပ်ချက်များကို ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရန် ကြိုးစားခြင်းသည် ဒီဇိုင်နာများ၏ အဓိက တာဝန်ပင် ဖြစ်သည်။
ဒီဇိုင်နာနှင့်အတူ လုပ်ငန်းခွင်၏ စံသက်မှတ်ချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်သော ကျွမ်းကျင်လုပ်သားများ လိုအပ်လာပါသည်။ ဆန်းသစ်မှုသည် ကွဲလွဲမှု မဟုတ်၊ ကွဲလွဲခြင်းသည် ဆန်းသစ်ခြင်း မမည်။ နေရာ၊ ဒေသ၊ ကာလအလိုက်
ကွဲပြားခြားနားလာသော လူသားတို့၏ စိတ်ဆန္ဒကို အပြည့်ဝဆုံး ဖြည့်ဆည်းပေးရန် ဟန်ချက်ညီလှုပ်ရှားနိုင်သော၊ စနစ်တကျ လေ့လာသုံးသပ်မှုများဖြင့် ရှုထောင့် အဖုံဖုံမှ အတူတကွ ဝန်ဆောင်မှု ပေးနိုင်သော ပညာရှင်များ အတူတကွ ပေါင်းစည်းလုပ်ကိုင်ရန် လိုအပ်လာပါသည်။ လုပ်ငန်းရှင်များမှာလည်း လုပ်ငန်းခွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော အဖွဲ့အစည်းများအား ရှာဖွေလာတတ်ကြသည်။ ၄င်းတို့သည် တိုးတက်လာသည့် အမြင်တို့နှင့်အညီ လူသားတစ်ဦးချင်းစီ၏ သီးသန့် ရွေးချယ်ခြင်းဟူသော သဘောထားကွဲလွဲခြင်းများကို သည်းခံညှိနှိုင်းကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော အဆောက်အဦးများကို ဖန်တီးပေးနိုင်ကြမည့်၊ ယခုလက်ရှိ ပြောင်းလဲနေသော နည်းပညာရပ်များအား အမြဲတစ်စေ တီထွင်ကြံဆနေမည့် ဒီဇိုင်းပညာရှင်များကိုသာ လိုလားလာသည်။ ထိုအရာများသည် ဒီဇိုင်းပညာရှင်များအတွက် ပြောင်းလဲနေသော ခေတ်စနစ် အခြေအနေများကို မျက်ခြေအပျက်မခံပဲ အဆောက်အဦးတို့၏ ပြောင်းလဲခြင်းပုံစံ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းသစ်မှု၊ ထပ်မံဖြည့်စွက်မည့် ပစ္စည်းများကို လူသားတို့၏ လိုအပ်ချက်နှင့် ထပ်တူကျအောင် အစဉ်တစိုက် ကြိုးပမ်းနေသင့်ကြောင်း ဖိအားပေးလျှက်ရှိသည်။ ထို့အပြင် ဒီဇိုင်းပညာရှင် တစ်ယောက်သည် တစ်ခုခုကို ဖန်တီးသောနေရာတွင် တစ်ထပ်တည်းဖြစ်နေသော ရှုခင်းကိုပင် အမြင် ပြောင်းလဲပေးနိုင်စွမ်း ရှိရမည့်အပြင် စွန့်ပစ်ပစ္စည်းထဲမှပင် ဆန်းပြားသော အသစ်အဆန်းတစ်ခု အသွင်ကို ဖန်တီးကာ အစားထိုး အသုံးပြုနိုင်အောင် ဖန်တီးမှုများ လိုအပ်လာသည်။
ဒီဇိုင်းဖန်တီးမှု အတတ်ပညာသည် အလျား၊ အနံ၊ အမြင့် ဟူသော ထုထည် ပမာဏများနှင့် ဆက်စပ်တွေးတော ကြံဆခြင်း ဖြစ်သော်လည်း အချိန်ဟူသည့် အတိုင်းအတာ ပမာဏနှင့် အဆောက်အအုံများ၏ ဆက်စပ်မှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်ရမည်။ သတ်မှတ်ထားသော အချိန်ကာလအတွင်း သင့်လျော်သော ဒီဇိုင်းကို တီထွင်နိုင်ပေးရမည်။ ထို့အတူ နေထိုင်သည့် ကာလတစ်လျောက် Client ၏ လက်ခံမှုကို ရရှိနေအောင် လုပ်ဆောင်ပေးခဲ့ရမည်။ ဟင်းလင်းကို ဒီဇိုင်း ဖန်တီးသူ၏ အမြင်၊ ကြည့်ရှုခံစားသူနှင့် ထိုဖန်တီးသော ဟင်းလင်းအတွင်း သက်ဝင်နေထိုင်သူတို့၏ တုံ့ပြန်မှုသည် အချိန်တစ်ခုနှင့်အတူ စီးဆင်းနေပေမည်။ အဆောက်အအုံတစ်ခု၏ ထင်ရှားသော လက္ခဏာ အစိတ်အပိုင်း ( ၆ )ရပ် ဖြစ်သည့် တည်နေရာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကိုယ်ထည်အခွံ၊ ဝန်ဆောင်မှု၊ နေရာလွတ်နှင့် စီမံချက်တို့ကို ပြည့်ဝစွာ နားလည်ရန် လိုအပ်ပေသည်။ ဒီဇိုင်းပညာရှင်များသည် နေရာလွတ်လပ်မှုနှင့် စီမံချက်အနေအထားတို့ကို အာရုံစူးစိုက်နေစဉ် ကျန်သော အချက်အလက်များအတွက် ကျိုးကြောင်းခိုင်လုံစွာ အကျိုးသက်ရောက်မှု ရှိစေရန်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေသည်။ ထိုသို့ စဉ်းစား တွေးခေါ်မှုများသည် လက်တွေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက် အမြဲတစ်စေ လေ့လာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ ဒီဇိုင်းပညာရှင်တစ်ယောက် အနေဖြင့် ၅နှစ်စာအတွက် ပြသနာများကို ကြိုတင်တွေးတော အဖြေရှာဖွေရာတွင် ၅မိနစ်အတွင်း ဖြေရှင်းလိုက်သော ဖြစ်ကတတ်ဆန်း လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပေသည်။
ဒီဇိုင်းပညာရပ်ကို လေ့လာသောအခါမှာ ပညာရပ်များ၏ သီအိုရီ သဘောတရားနှင့် ဒီဇိုင်းတွေကို လေ့လာရသကဲ့သို့ ဒီဇိုင်နာများထံမှလည်း ထိုသူတို့၏ ဒီဇိုင်းအတွေးအခေါ်များကို အပြန်အလှန် လေ့လာရကြောင်း ဖတ်မှတ်ဖူးပါသည်။ ဒီဇိုင်နာတစ်ဦးသည် အခြေခံ ဒီဇိုင်းသဘောတရားများကို သီအိုရီများမှလည်း ဖော်ထုတ်လေ့လာရသည်။ အခြား အခြားသော ဒီဇိုင်နာများ၏ ဖန်တီးမှုများမှလည်း ထပ်ဆင့်လေ့လာရသည်။ ဒီဇိုင်းပညာရှင် တစ်ယောက်သည် စွယ်စုံရသော အတတ်ပညာရှင် တစ်ယောက်ဖြစ်ရန် မလိုအပ်သော်လည်း မိမိ၏ ဒီဇိုင်းနှင့် ပတ်သက်၍ အရာရာ အားလုံးကို ခြုံငုံ သုံးသပ်တတ်နိုင်ရပေမည်။ တိုးတက်နေသော ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ အဆောက်အဦးများ ပြွတ်သိပ်လာမှုကြောင့် လက်တွေ့အသုံးကျသော အယူအဆ၊ သဘောတရားနည်းများကို စဉ်းစားတွေးခေါ်နိုင်မှသာ ထူးချွှန်သော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ပေမည်။
_._._._._._._._._._._._._._._._.

"ဟင်းလင်းခွင် နှင့် နေထိုင်မှု အနုပညာ"

ဟင်းလင်းကို ဖွဲ့ဆိုသူ ဒီဇိုင်နာတို့အတွက် ဒီဇိုင်း၏ အမှန်တရားသည် စီးပွားရေးဆန်သော အနုပညာတစ်ခု ဖြစ်ကောင်းဖြစ်မည်။ လိုအပ်ချက်ကို အဖြေရှာရမည့် ပြဿနာတစ်ခုဖြစ်ကောင်းဖြစ်မည်။ ဒီဇိုင်နာသည် ဒီဇိုင်းအခြေခံ သဘောတရားများ (Element of Design) ကိုလည်း သေချာ နားလည် အသုံးချနိုင်ရမည်။ မိမိ အသုံးပြုမည့် material များ၏ သွင်ပြင် (texture) ကိုလည်း ဂဃဏန သိထားရမည်။ ဟင်းလင်း (Space) ကို စနစ်တကျ အသုံးချနိုင်ရမည်။ အမြင်လှည့်စားမှုအပေါ် ပြောင်းလဲသွားတတ်သည့် အခြေခံ ပြောင်းလဲခြင်းများကိုလည်း ကျွမ်းကျင်ရမည်။ နရီ၊ ဟန်ချက်နှင့် အချိုးကျမှုတို့ကိုလည်း ကစားနိုင်ရမည်။ သူဖန်တီးသော ဒီဇိုင်းသည် အနုပညာတစ်ခု ဖြစ်သလို ထုတ်ကုန်တစ်ခုလည်းဖြစ်ကြောင်း လက်ခံထားရပေမည်။
သဘာဝ၏ အလှအပသည်လည်း ဟင်းလင်းခွင်တစ်ခုအတွင်း၊ လူသားတို့၏ ဖန်တီးဖွဲ့တည်မှုသည်လည်း ဟင်းလင်းခွင်တစ်ခုအတွင်း။ တေးဆိုနေသော လေနုအေး၊ နွေးထွေးသော နေရောင်ခြည်၊ ယိမ်းနွဲ့နေသော ပန်းခင်းများနှင့် မွှေးထုံရစ်သော ပတ်ဝန်းကျင်သည် သဘာဝ၏ ရသကို ဖွင့်ဟနေသည်။ လင်းလက်သော နီယွန်မီးများနှင့် ကြည်လင်သော မှန်ချပ်များအကြား ရပ်တည်နေသော စက်မှုထုတ်လုပ်မှု ထုထည်တစ်ချို့သည် လူသားတို့၏ ဖန်တီးမှုတစ်ချို့ကို ပြသနေသည်။ နေရောင်ခြည်အလင်းသည် အချိန်ကာလအလိုက် အမှိန်အဖျော့ ပြောင်းလဲလျက်။ နီယွန်မီး၊ မာကျူရီမီးတို့၏ အလင်းသည်လည်း ဖန်တီးမှုအလိုက် အတိုးအနှုတ် ပြောင်းလဲလျက်။ လိုအပ်မှုနှင့် စိတ်ကူးဆန္ဒတို့ကို အချိုးညီညီ ပေါင်းစပ်ထားသော ဟင်းလင်းခွင်တို့အား ဖန်တီးမှုသည် အနုပညာတစ်ခုလည်း ဖြစ်သည်။ အတတ်ပညာလည်းဖြစ်သည်။ တစ်နည်းအားဖြင့် Applied Art (သို့) အသုံးချ အနုပညာ။ ထို ဟင်းလင်းခွင်တို့အား ဖန်တီးသောသူများသည် Technician (သို့) Designer (သို့) Artist (သို့) နေထိုင်မှုတစ်ခုအား ဖန်တီးသော အနုပညာခံစား အတတ်ပညာရှင်များ ဟု ခေါ်ဝေါ်ပညတ်ရမည် ဖြစ်ပါသည်။
“နေလုံးရယ်နီ တိမ်ပန်းချီ နေသွေးနဲ့၊ နတ်ရေးသည်သို့။ ဒီအကျပေမို့ အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့ မျှော်ငေးလို လို့။” ဆည်းဆာချိန် တိမ်ပန်းချီကားသည် နေသွေးနှင့် နတ်ရေးထားလေသည်လား။ ဒီရေလည်း ကျလာပြီမို့ ပေါ်လာသော လတာပြင်မှာ ကဗျာအတွင်းမှ ကျူရိုးရှင်သည် နတ်ရေးသော တိမ်ပန်းချီကို လှေတစ်စင်းနှင့် မျှော်ငေးရသည်ကို နှစ်သက်ကောင်း နှစ်သက်မည်။ အချို့ ကျူရိုးရှင်တို့ကတော့ဖြင့် သာသာယာယာ ညနေခင်းမျိုးတွင် လတာပြင်၏ အစွန်းတစ်ဖက်နား ငါးပျံတစ်ချို့က ညှာညှာတာတာမရှိ၊ ဘယ်ပြောင်းညာပြန် ဂျွမ်းထိုးလိုက်၊ ဘုတ်မက ခုနှစ်သံချီအောင် လွမ်းတေးတွေဆိုလိုက် လုပ်နေသည်ကိုမှ ခံစားလိုကောင်း ခံစားလိုလိမ့်မည်။ ဆရာ ဇော်ဂျီကတော့ အဆုံးသတ် သူ့ကဗျာမှာ “အိုအချင်း ကျူရိုးရှင်။ သူ့မူယာသူ့အတင်း၊ မင်းဆိုခဲ့စဉ်။ မင်းကိုယ်လဲ မင်းပင်လျင်၊ ဘာထင်လို့လေလဲ။ မဗေဒါစုန်ဆန်လမ်းမှာ ၊ ပန်းခဲ့သည်ပဲ။” ဟု ဆိုခဲ့သည်။ ဟင်းလင်းကို ဖန်တီးခြင်းသည်လည်း
ကျူရိုးရှင်နှင့် အလား သဏ္ဌာန်တူပေတော့သည်။ အကန့်အသတ်မဲ့သော ဒီဇိုင်းလောကအတွင်း စုန်ဆန်ကူးခတ်ရင်း မောပန်းလိုက်၊ မိမိ ဖန်တီးမှုလေးအပေါ် ပြန်လည်ကြည့်ရှုရင်း ကျေနပ်ပီတိဖြစ်လိုက်နှင့် ကိုယ်တိုင်လည်း ကူးခတ်ရပေဦးမည်။ သူတပါး ဖန်တီးမှုများကိုလည်း လေ့လာခံစားရင်း မုဒိတာထား ကျေနပ်ရပေဦးမည်။


Written by DESIGN ideology



Reference

Interior Design (Arch.08012) lecture Notes
Interior Design Handbook of Professional Practice by  Cindy Coleman (Mimarlìk)
Interior Deisgn Illustrated 1987 by Francis D.K.Ching


_._._._._._._._._._._._._._._._.

No comments: