ကွဲပြားခြားနားမှု (Contrast )



အဖြူတွေကြားမှ အနက်တစ်စက်သည်လည်းကောင်း၊ အနက်တွေကြားမှ အဖြူတစ်စက်သည်လည်းကောင်း၊ သိုးဖြူအုပ်ကြားမှာ သိုးမည်းတစ်ကောင်ပါလာခြင်းသည်လည်းကောင်း၊ သိုးမည်းအုပ်ကြားမှသိုးဖြူ တစ်ကောင်သည်ပါလာခြင်းသည်လည်းကောင်း၊ အများနှင့်မတူ တမူထူးခြားနေခြင်း၏ ထင်ရှားသိသာစေသော၊ အမြင်အာရုံကိုဂရုပြုမိစေနိုင်သော Contrast ၏ ဥပမာ သဘောတရားများပင်ဖြစ်သည်။ ဗိသုကာပညာရပ်၌ Contrast (ကွဲပြားခြားနားမှု)ကို အထူးဂရုပြုစေလိုတဲ့ နေရာတွေမှာ တနည်းပြောရရင် အခြားအရာတွေထက် သိသာထင်ရှားစေလိုတဲ့ အခါမျိုးတွေမှာ အသုံးပြုတတ်ကြပါတယ်။ ဗိသုကာအများစုဟာ Contrast ရဲ့သဘောကို Entry (ဝင်ပေါက်)များ၊ Exit (ထွက်ပေါက်)များ ၊ သီးခြားအခန်းများ သို့မဟုတ် တစုံတရာ အရေးကြီးသော အရာတို့ကို သိသာထင်ရှားအောင် ပြသလိုသောအခါမှာ အသုံးပြုတတ်ကြပါတယ်။



ထင်ရှားတဲ့ ဗိသုကာပညာရှင်ကြီး Frank Lloyd Wright ကို California ပြည်နယ် San Francisco မြို့မှာရှိတဲ့ Morris Shop ငယ်လေးကို ဒီဇိုင်းပြုလုပ်ဖို့ အပ်နှံခြင်းခံရပါတယ်။ သူ့ကို Shop ငယ်လေးတည်ဆောက်မယ့် နေရာ Location ပြတယ်။ နောက် လမ်းအထက်ပိုင်းနှင့် အောက်ပိုင်းမှာရှိနေတဲ့ အခြားစတိုးဆိုင်ကြီးတွေနှင့် အခြားထူးခြားတဲ့ အရာတွေကို ထပ်ပြပေးပါတယ်။ အဲဒီမှာ Frank Lloyd Wright ပြဿနာက Morris Shop ငယ်လေးကို လူတွေ သတိထားမိစေဖို့ စဉ်းစားရမယ့်အချက်ပါ။ လမ်းဘေးဘယ်ညာ အထက်အောက်တွေမှာက နီယွန်မီးလုံးတွေ၊ ဆိုင်းဘုတ်အကြီးစားတွေနှင့် ပြိုးပြိုးပြက်ပြက်တွေက ဖြတ်သွားသမျှလူတွေကို လာပါကြည့်ပါလို့ အော်ဟစ်ဖိတ်ခေါ်နေတဲ့ ပုံမျိုးချည်းပါပဲ။ အဲဒီမှာ Wright စဉ်းစားဆုံးဖြတ်လိုက်တာက Contrast (ကွဲပြားခြားနားမှု) ကိုပဲဖြစ်ပါတယ်။ အဲဒီတော့ သူဟာ ဆူညံနေတဲ့ ဆိုင်တန်းတွေကြားထဲမှာ ငြိမ်သက်တိတ်ဆိတ်တဲ့ ဆိုင်လေးအဖြစ်ဖန်တီးပြစ်လိုက်တာပါပဲ။










အထက်ပါပုံတွေကိုကြည့်မယ်ဆိုရင် အခြားဆိုင်တွေနှင့် ဘာတွေ ကွာခြားသလဲ။ ကြီးမားတဲ့ ဝင်ပေါက်ကြီးကို သတိထားမိပါသလား။ ထင်ရှားကြီးမားတဲ့ Sign တွေမရှိ။ နောက် အရောင်းပစ္စည်းတွေ အပြည့်ပြထားတဲ့ ပြတင်းပေါက်တွေ မရှိ။ တစ်ခုတည်းသော စွဲဆောင်ရာအဖြစ် ရှေ့ကဝင်ပေါက်ကြီးသာ သိသာနေပါတယ်။ အဲဒီအချက်တွေဟာ Contrast (ကွဲပြားခြားနားခြင်း)ကို လက်တွေ့ အသုံးပြုထားမှုပါပဲ။အဲဒီလိုပြုလုပ်လိုက်ပြီး အခြားဆိုင်တွေထက် သိသာထင်ရှားစေချင်တဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီအနားကို ရောက်လာတဲ့ လူတိုင်းဟာ အခြားဆူညံနေတဲ့ အဆောက်အအုံမြင်ကွင်းတွေကို သတိမပြုမိဘဲ ရိုးရှင်းပြီး ငြိမ်သက်တဲ့ အဲဒီဆိုင်လေးကို ပိုပြီး သတိပြုမိစေပါတယ်။ ဒါဟာ နာမည်ကျော် ဗိသုကာကြီးတစ်ယောက်ရဲ့ Contrast ကိုအသုံးပြုထားတဲ့ ဂန္တဝင် ဗိသုကာလက်ရာ တစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။
ပန်းချီအနုပညာရှင်တွေဟာ အထူးဂရုပြုစေချင်တဲ့ ဧရိယာအကြောင်းပြောကြမယ်ဆိုရင် စိတ်ဝင်စားမှုရဲ့ ဗဟိုချက်တစ်ခု၊ သို့မဟုတ် ဆုံချက် တစ်ခု အကြောင်း လိုပဲ အရေးထားပြောကြပါတယ်။
ဗဟိုကျနေတဲ့နေရာတစ်ခုမှာ အများသတိပြုစေလိုတာမျိုး ဖန်တီးချင်တဲ့အခါမျိုးမှာ Contrast ကိုအသုံးပြုခြင်းဟာ အင်မတန်ကို အကျိုးသတ်ရောက်မှုရှိပါတယ်။
Contrast ကိုအသုံးပြုခြင်းမှာ အထူးသတိထားရမယ့်အချက်ရှိပါတယ်။ အဲဒါကတော့ Too much contrast may destory the harmony and unity. ပါတဲ့။
အမှန်တကယ်ဆိုရလျှင် ကျနော်တို့ ဖော်ပြလိုတဲ့ အရာဟာ တသားတည်းဖြစ်နေတဲ့ အရာတွေကြားမှာ တမူကွဲထွက်ပြီး ထီးထီးထင်းထင်းကြီး ပေါ်လွင်နေသည်မှာ Contrast ဟုပြောနိုင်ပါသော်လည်း ဒီဇိုင်နာတစ်ယောက် အနေဖြင့် ထင်ရှားသိသာကွဲပြားစေရုံသာမက လူအများကိုပါ ရသတစ်ခုခုဖြင့် စိတ်ဝယ်စားဖွယ်ဖြစ်အောင် ဆွဲဆောင်နေစေဖို့လည်း လိုအပ်ပါသည်။ သီအိုရီသည် သီအိုရီသာဖြစ်သည်။ တကယ်လုပ်ဆောင်ချိန်၌ ဒီဇိုင်နာ၏ အတွေး၊ အသိ၊ စိတ်ကူး ဝိဉာဉ်တို့ ကျက်စားဖြန့်ကျက်မှုဖြင့်သာ အခြေခံ သဘောတရားများဖြစ်သော alike and different, order, basic geometry shapes, edges, comparing, environment, repetition, unity, balance, pattern, rhythm, harmony, composition အစရှိတဲ့ အချက်တွေကို အလိုက်သင့် အလျားသင့် ညီညွတ်မျှတအောင် စီစဉ်နိုင်မှသာ အကောင်းဆုံး ဒီဇိုင်းများကို ဖန်တီးနိုင်မည်ဟု ထင်မြင်မိပါကြောင်း။ အချုပ်အားဖြင့် ကျနော်တို့၏ ပတ်ဝန်းကျင်မှ အရာဝတ္ထုများ၊ အဆောက်အအုံများ၊ သဘာဝအတိုင်း တည်ရှိနေသော တော၊ တောင်၊ ရေ၊ မြေ များမှ Contrast ဖြစ်နေသော အချက်များကို လေ့လာစူးစမ်းရင်း Contrast သဘောတရားကို ပိုမိုနားလည်နိုင်အောင် လေ့လာနိုင်ကြပါစေ။

လေးစားစွာဖြင့်
MMO

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ