ဟန်ချက်ညီခြင်း… (Balance)




အခုတလော ကျနော်စာမရေးဖြစ်တာ အတော်ကြာပါပီ…။ သိုင်းလောကထဲဝင်ပြီး စိန်ခေါ်သံနွှဲလိုက်၊ နဂါးနိုင်ဓားလုလိုက် လုပ်နေခဲ့တာပါ..။ နောက် မထူးပါဘူးဆိုပြီး မိုက်လက်စနဲ့ ဖေ့စဘွတ်က မာဖီးယားဂိုဏ်းထဲဝင်ပြီး Job တွေလုပ်၊ Robbing တွေလုပ်ရင်း မာဖီးယားဂိုဏ်းမှာလည်း အတော်အတန်နေရာ ရလာခဲ့ပါပြီ…။ အဲဒီလိုအလုပ်တွေများနေတော့ ဖိုရမ်လေးကို ပြန်မကြည့်ဘဲ ပစ်ထားခဲ့တာ အတော်ကြာနေပါပြီ…။ ကိုယ်တစ်ယောက်ပဲ ပစ်ထားသလားမှတ်တယ်….။ ညီအကိုမောင်နှစ်မတွေကလည်း စိတ်ချရတယ်ဗျာ…။ တစ်ပို့စ်မှ တတ်မလာကြဘူး…။ အင်း ဒီပုံအတိုင်းဆို တို့ဖိုရမ်လေးတော့ ဟန်ချက်ပျက်တော့မယ်တိုတာ တွေးမိတယ်..။ ဘာလိုလိုနှင့် ဖိုရမ်လည်း တစ်နှစ်ပြည့်ခါနီးလာပါပြီ…။ ကျနော် စလုံးရောက်တာ အခုဆို တစ်နှစ်ပြည့်ပြီးသွားပြီပေါ့…။

ကိုယ်တွေ အကြောင်းကိုလည်း တွေးမိသွားတယ်။ လုပ်စမှာတော့ အားလုံးတက်တက်ကြွကြွပဲ။ ပို့စ်တွေ သူတင်လိုက်၊ ငါတင်လိုက်… အမယ် လန်ထွက်နေအောင် စိတ်ဓာတ်တွေမြူးနေလိုက်ကြတာ။ အတွေးတွေ ပလူပျံနေလိုက်ကြတာ…။ စိတ်ဆိုတာလည်း ခက်သားလား အစမှာတော့ ဟုတ်သလိုလိုနဲ့နောက်တော့လည်း ကျနော်တို့ မြန်မာတွေရဲ့ ထုံးစံအတိုင်း ကောက်ရိုးမီးလိုဖြစ်သွားကြတာပါ…။ ကိုယ်အပါအဝင်ပါလေ..။ ကိုယ်တိုင်လည်း မြန်မာဆိုတော့ မြန်မာစိတ်ဓာတ်အပြည့်အဝရှိတာပေါ့…။ ကိစ္စတစ်ခုကို စတင်ဖို့ လွယ်ကူပေမယ့် အဲဒါကို တည်မြဲအောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်…။ ပါဝင်တဲ့သူတွေ စိတ်ဓာတ်တွေ ညီညတ်မှသာဖြစ်နိုင်တာပါ…။ အထူးသဖြင့် အများနဲ့လုပ်တဲ့ အလုပ်တွေမှာပိုဆိုးပါတယ်…။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တော့လည်း စိတ်ဓာတ်ပြည့်ဝမှု အတော်လိုအပ်နေသေးတာ တွေ့ပြန်ရော…။ ခေါင်းဆောင်နိုင်မှုဆို ဝေလာဝေးဖြစ်နေရော…။



စိတ်တွေ ရှုပ်ထွေးပြီး အတွေးတွေ ပွားနေမိတယ်….။ စိတ်ထဲမှာ မကောင်းတာတွေ၊ အပျက်ဘက်တွေပဲ တွေးနေမိတော့တယ်…။ ဒီမှာ စိတ်ထဲကပေါ်လာတာက Balance ဟန်ချက် ဆိုတာလေးပဲ။ Architectural Elementary တွေရေးဖြစ်နေတာ အတော်ကြာပါပြီ။ ခုဟန်ချက် Balance ဆိုတာလေးအကြောင်းရေးဖို့ ဟန်ပြင်ရင်း စိတ်ထဲပေါ်လာတဲ့ ကိုယ်တွေရဲ့ ဟန်ချက်ပျက်နေမှု။ နောက်ပြီး ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ အဆိုးမြင် ဟန်ချက်တွေ အလေးသာနေမှုကို စိတ်ထဲမှာ တွေးဆလိုက်မိတယ်…။ ဘာဖြစ်ဖြစ် ဘယ်သူမရေးရေး၊ ဘယ်သူမလုပ်လုပ် အဓိက ငါလုပ်နေဖို့ပဲ လိုတာမဟုတ်လား ဆိုတဲ့အတွေးလည်းခေါင်းထဲမှာပေါ်လာတယ်…။ ကိုယ်ရဲ့ အလေလိုက်တဲ့ဘက် အလေးသာနေတဲ့ စိတ်ဓာတ်ဟန်ချက်တွေလည်း ဖိုရမ်မှာ ပြန်ပြီး ချိန်ညှို့ထည့်ပေးရအုနး်မှာပေါ့…။

ဟန်ချက်အကြောင်းပြောဖို့ စဉ်းစားမိတော့ ဆပ်ကပ်တွေက ကြိုးတန်းလျှောက်သမားတွေကို ပြေးမြင်မိတယ်…။ ကြိုးတန်းတစ်ခုပေါ်မှာ မယိမ်းယိုင်အောင် လျှောက်လှမ်းဖို့ လက်တွေဘယ်ညာယိမ်းပြီးထိန်းတာဖြစ်ဖြစ်၊ တုတ်တံတစ်ချောင်းကိုကိုင်ပြီး ဘယ်ညာညီအောင်၊ ဟန်ချက်မပျက်အောင် ထိန်းတာဖြစ်ဖြစ် လုပ်တတ်ကြတယ်..။ အဲလိုလုပ်နိုင်မှသာ ပြုတ်ကျမှုမဖြစ်နိုင်မှာပါ..။ စက်ဘီးစီးတာ လူတွေရဲ့ လမ်းလျှောက်တာ ပြောရရင် လောကကြီးတစ်ခုလုံးဟာ အရာရာတိုင်းမှာ ဟန်ချက် Balance တွေ ထိန်းညှိုထားတာမဟုတ်လား။ ဒါကြောင့် balance ဆိုတာ နေရာတိုင်းအတွက် အင်မတန်အရေးပါတဲ့ အရာပါ…။ ဗုဒ္ဒရဲ့ မစ္ဇျိမပဋိပဓာဆိုတာ ဘယ်အရာမှ အစွန်းမရောက်ဖို့ အရာရာ Balance ဖြစ်အောင်သတိနဲ့နေဖို့ သင်ကြားခြင်းပဲမဟုတ်ပါလား…။ ဒီတော့ Balance ရဲ့အရေးပါမှုဟာ ဘယ်လောက်အထိ နက်နဲသလဲ သိသင့်သလဲဆိုတာ ခန့်မှန်းနိုင်လောက်မှာပါ..။



ဗိသုကာပညာမှာလည်း Balance ရဲ့အရေးပါမှုဟာ အထူးပြောဖို့လိုမယ်မထင်ပါဘူး..။ အဆောက်အအုံတွေ၊ ဘလောတွေကို အခြားအရာတွေနှင့် Balance ဖြစ်အောင် ချိန်ညှိုပုံအမျိုးမျိုးနဲ့ အမြင်မှာ ဟန်ချက်ညီအောင် အစီအစဉ်ပြုလုပ်ပေးနိုင်ပါတယ်။ ဗိသုကာတွေဟာ သူတို့ဒီဇိုင်းတွေမှာရှိတဲ့ Balanceကို စဉ်းစားတဲ့အခါ အရင်ဆုံး Symmetric (ခေါက်ချိုးညီခြင်း) နှင့် Asymmetric (ခေါက်ချိုးမညီခြင်း) ဘယ်ဟာကိုသုံးမလဲ စဉ်းစားဆုံးဖြတ်ကြပါတယ်။ ကလေးတွေဟာ ငယ်စဉ်ပညာသင်ကြားချိန်မှာဖြစ်ဖြစ်၊ ကစားချိန်မှာဖြစ်ဖြစ် Symmetric နှင့် Asymmetric ကို အလိုလို ပြုလုပ်တတ်ပါတယ်။ နောက်မှသာ ပိုမိုအဆင့်မြင့်တဲ့ balance အကြောင်းတွေကို ရှင်းလင်းသေခြာ နားလည်နိုင်အောင် လေ့လာသင်ကြားကြရတာပါ။ အဲဒီတော့ ဗိသုကာတွေဟာ သဘာဝအားဖြင့် Symmetrical Design တွေကို သင်ယူပြီးဖြစ်နေတတ်ပါတယ်…။ Balance ကို ပန်းချီပညာရှင်တွေကတော့ Asymmetrical Balance ကို Informal လို့ခေါ်ဆိုကြပြီး Symmetrical Balance ကို Formal လို့ အမျိုးအစားခွဲ ခေါ်ဆိုတတ်ကြပါတယ်။

ဒီ Balance Concept ကို လက်တွေ့ရှင်းလင်း ပြောပြရာမှာ Balance Scale က အံ့သြဖွယ်ကောင်းအောင်နားလယ်လွယ် ပါတယ်။ ပုံမှာ ပြထားသလို သစ်သားချောင်းကလေးနှင့် တြီဂံတုံးလေးတစ်တုံး တို့ဖြင့် ပြသနိုင်ပါတယ်။ သစ်သားချောင်းအလယ်မှာ ပုံမှာပြထားသလို အချိုင့်ကလေး ပြုလုပ်ပေးထားပါ…။ သစ်သားချောင်းလေးအရွယ်အစားကို ၁၂ လက်မ ကနေ ၁၈ လက်မ အတွင်းလောက်ထားပြီး ပြုလုပ်မယ်ဆိုအဆင်ပြေ နိုင်ပါတယ်…။ အရွယ်အစားအမျိုးမျိုး၊ အလေးချိန် အမျိုးမျိုး သော သစ်တုံးကလေးတွေ၊ ပစ္စည်းကလေးတွေ ကို တဖက်တချက်စီမှာ ထားပြီး စမ်းသပ်လေ့လာနိုင်ပါပြီ။ အလေးချိန်တူ အရွယ်အစားတူတဲ့ တုံးလေးတွေကို ဘယ်ညာ အကွာညီညီထားခြင်းဟာ Symmetrical Balance သို့မဟုတ် Formal Balance ဆိုတာကို ပြသခြင်းပါ။ နောက်ဆုံးပုံမှာလို အရွယ်မညီ အကွာအဝေးမညီသော်လည်း တဖက်နှင့်တစ်ဖက် အလေးချိန်ညီမျှနေခြင်းဟာ Asymmetrical Balance သို့မဟုတ် Informal Balance ပါပဲ။
အဆောက် အအုံ ဒီဇိုင်းများမှာလည်း အခုလို Balance တွေကို ချိန်ဆ အသုံးပြုနိုင်ပါတယ်။



အခြား Balance နှင့်ပတ်သတ်ပြီး နားလည်အောင် လေ့လာနိုင်တာတွေ များစွာရှိပါတယ်။ ရေကူခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေ မှာလည်း Balance ရဲ့ အခြေခံတွေပါ။ နောက် ခြေတဖတ်တည်း မတ်တပ်ရပ်ခြင်းမှာ ခန္ဓာကိုယ်က မယိုင်မလဲ အောင် ဘယ်လိုတွေ Balance လုပ်ထားသလဲ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေမှာ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ Balance တွေ ဘယ်လိုလဲဆိုတာ လေ့လာနိုင်ပါတယ်။



အဲဒီနောက်မှာတော့ Balance ရဲ့ feeling ခံစားမှုကို ဗိသုကာလက်ရာတွေ၊ မဂ္ဂဇင်းတွေမှာပါလာတဲ့ ဓာတ်ပုံတွေ ပန်းချီကားတွေကနေ တဆင့် အကောင်းဆုံးခံစားလေ့ကျင့် လေ့လာနိုင်ပါတယ်…။
အခုဆိုရင် Balance အကြောင်းကို သဘောပေါက်နားလည်နိုင်လောက်ပြီ ထင်ပါတယ်။



Balance ဆိုတာကို အခြားနေရာတွေမှာပါ ဖြန့်ကျက်တွေးတော စဉ်းစားနိုင်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ၊ လှုမှုရေးတွေ၊ စီးပွားရေးတွေမှာ Balance ဖြစ်ခြင်းမဖြစ်ခြင်း စသဖြင့်လည်းကောင်း၊ အိမ်တစ်အိမ်ရဲ့ ဝင်ငွေထွက်ငွေ Balance ၊ အားကစားပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်အချင်းချင်းရဲ့ ယှဉ်ပြိုင်မှု Balance စသည်ဖြင့် လည်းကောင်း အမျိုးမျိုး ချိန်ဆမှန်းဆ၊ တွေးတောရင်းဖြင့် Balanceရဲ့အကြောင်းများများလေး အတွေးပွားနိုင်တယ်ဆိုတာ ပြောရင်း ကျနော်ကိုယ်တိုင်လည်း စိတ်နှင့် ကိုယ်ခန္ဓာ ကျန်းမာရေး အတွက် Balance ညီမျှအောင် ဂရုပြု နေထိုင်ဖို့ စဉ်းစားနေမိပါတော့တယ်ခင်ဗျာ…။

လေးစားစွာဖြင့်

MMO

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ