မေမေပြောပြတဲ့ Management အကြောင်း




အခုခေတ်နောက်ပိုင်းမှာ Management ဆိုတာ တော်တော်ကိုရေးပန်းစား လူသုံးများတဲ့ စကားလုံးဖြစ်လာတာ ကိုတွေ့ရပါတယ်။ တကယ်တော့လည်း စီမံခန့်ခွဲမှုဆိုတာ နေရာတိုင်းမှာ လိုအပ်သလို နေရာတိုင်းမှာ ရှိနေပါတယ်ပါတယ်။ ကျမတို့တွေဟာ မွေးဖွားလာချိန်ကတည်းကစပြီး အမေ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကြီးပြင်းလာကျရတယ်လို့ ‌ပြောရင် မှားမယ်လို့ မထင်ပါဘူးနော်.... Management ကို ပညာရှင်ကြီးများက အဓိပွာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျသလို ဆောင်းပါတွေ စာတမ်းတွေ စာအုပ်တွေ အမျိုးမျိုးထုတ်‌ဝေ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ Management အကြောင်းရေးသားထားကို ဘယ်လိုပုံစံနဲ့ပဲရေးရေး ဖတ်လို့ကောင်းသလို ပညာဗဟုသုတလည်း အများကြီးရပါတယ်။ ကျမကို ကိုသန့်ဇင်ဦးက Management အကြောင်းရေးပေးပါတဲ့ …ကျမတော်တော်လေးစိတ်ညစ်သွားတယ်၊ တကယ့်ပညာရှင်ကြီးတွေ ပုံစံအမျိုးမျိုးနဲ့ရေးသားနေကျတဲ့ Management ကို ကျမလို မိုးလင်းက နေမိုးချုပ် အလုပ်ထဲမှာပဲနစ်မြှပ်ပြီး ဘာစာပေဗဟုသုတမှလဲမရှိ စာဖတ်ချိန်လည်းမရှိ ကိုးကားစရာ စာအုပ်တွေကလည်း အဆင်သင့်မရှိ ၊ ရှာဖွေချိန်လည်းမရှိ၊ ရှိခဲ့ရင်တောင်မှလည်း ကျမလိုမဖြစ်ညစ်ကျယ် ညဏ်ကလေးနဲ့ဒီလို Management အကြောင်းကို ဘယ်လိုရေးလို့ ရမလဲနော်...ကိုသန့်ဇင်ဦးနဲ့တွေ့တိုင်းလည်း ဒါပဲတောင်းနေတယ်၊ ကိုသန့်ဇင်ဦး ကျမကိုနှိပ်စက်ပြီ… ကဲဘယ်လိုလုပ်ရပါ့မလဲနော်….စဉ်းစား…ကျမရဲ့ဦးနှောက်သေးသေးလေးနဲ့ စဉ်းစားရတာတောင်မလွယ်ဘူးနော်… ကျမတော်တော်စိတ်ညစ်နေပြီ…ကိုသန့်ဇင်ဦးနဲ့တွေ့မှာတောင်ကြောက်နေပြီ...အကြွေးမရရင်သူ့သာ တောင်းခိုင်း ရမှာသေချာတယ်…... :P လူနာအမဲ‌ခြောက်ဖုတ်တောင်းတာထက်တောင် ပိုဆိုးသေးတယ် တကယ် ပြောတာ မယုံမရှိနဲ့… ခလုပ်ထိတော့အမိတတဲ့…. ကျမစိတ်ညစ်တိုင်း ကျမမေမေကို သတိရတယ်လေ..အမေကိုချစ်တဲ့သူတိုင်း ဒီလိုပဲဖြစ်မှာ ပါပဲလေ….. မေမေ…ကျမရဲ့မေမေ…သိပ်ကိုတော်တဲ့ မေမေ..တကယ်‌ပြောတာ ကိုယ်အမေမို့လို့ပြောတာ မဟုတ်ဖူး မေမေကိုသိတဲ့သူတိုင်းက မေမေကတော်တယ်လို့‌ပြောတဲ့ကျမကို အပိုပြောတာမဟုတ်ဘူးဆိုတာကိုလက်ခံမှာပါ .. အခုတော့ကျမရဲ့မေမေကမရှိတော့ပါဘူး ၁၉၉၀ခုနှစ်အောက်တိုဘာလ ကဆုံးသွားခဲ့ပါပြီ…ကျမ စီပွားရေးတက္ကသိုလ် ပထမနှစ်ကို ၁၀ရက်ပဲတက်ရသေးတယ် ကျမရဲ့မေမေဟာ နှလုံးရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။
ကဲ ကိုသန့်ဇင်ဦးရေ တခြား Management အကြောင်းကိုမရေးပေးတတ်တော့ ကျမတို့ မိသားစုမှာ ကျမမေမေရဲ့ Management အကြောင်းကို ပြောပြမယ်နော်…ကျမတို့မိသားစုမှာ ဖိုးဖိုးရယ် ဖွားဖွားရယ် ဖေဖေရယ် မေမေရယ် ကိုကိုရယ် မမရယ် ကျမရယ်ဆိုတော့ အားလုံး (၇)ယောက်ရှိတာပေါ့နော်…ကျမ မှတ်မိတဲ့အချိန်မှာတော့ ဖိုးဖိုးနဲ့ဖွားဖွားက ဘာမှမလုပ်တော့ဘူးလေ.. အသက် ၇၀ ကျော်သွားပြီဆိုတော့ ဖေဖေကဘာမှ မလုပ်ရတော့ဘူး ဆိုတော့…အငြိမ်းစားဖြစ်သွားကျပြီလေ...ဖေဖေကအစိုးရဝန်ထမ်းတစ်ယောက်ပါ၊ ကျမမှတ်မိနေပါတယ် ဖေဖေလခထုတ်ပြီးပြန်လာရင် မေမေ့ကို ပိုက်ဆံတွေအပ်ပါတယ်၊ အဲဒီအခါမှာ မေမေက ပိုက်ဆံလေးတွေကို ပုံပါတယ်၊ ဒါကဈေးဖိုး၊ ဒါကကျောင်းစရိတ်၊ ဒါက ဖိုးဖိုးနဲ့ဖွားဖွားအတွက်ဆေးဖိုး၊ ဒါကသာရေးနာရေးဆိုပြီး ပိုက်ဆံအိတ်လေးတွေ ထဲကိုခွဲပြီးထည့်ပါတယ်…
မေမေက ကျမတို့ကို အပြင်က အစားအစားတွေကိုဝယ်ကွေျးခဲပါတယ်၊ မေမေကိုယ်တိုင်ပဲအိမ်မှာချက်ကွေျးပါတယ် ဒီနေ့အိမ်မှာကြက်သားဟင်းချက်လျှင် မနက်ဖန်မနက်အစောစာကတော့ အုန်းနို့မပါတဲ့ခေါက်ဆွဲဟင်း ချက်မှာသေချာပါတယ်၊ ဒီနေ့ငါးဟင်းချက်ရင်တော့ မနက်ဖန်မနက်ကို မုန့်ဟင်းခါးပေါ့နော် ဝက်သား ချက်တဲ့နေ့ဆိုရင်တော့ တရုတ်ထမင်းကြော်စား ရပြီး ဆိတ်သားချက်တဲ့နေ့ဆိုရင်တော့ ပဲပြုတ်နဲ့ထမင်းကြော်စား ရပါတယ်… ဒါဟာပုံမှန်ပါပဲ… ကျမတို့မိသားစုက ဂျီးတော့မများကျပါဘူး… မေမေစီမံတဲ့အတိုင်းပါပဲ…မေမေကဟင်းချက်လဲကောင်း တယ်လေ.. မေမေဘာချက်ချက်အကုန်စားလို့ကောင်းတာကိုး ဒီတော့ဘယ်ဂျီးများမလဲနော်..ပြီးတော့မေမေက အကုန်လုံးလည်းချက်တတ်တယ်လေ…ကျမ ၁၀တန်းအောင်တော့ မေမေကိုယ်တိုင် ဒံပေါက်ချက်ပေးတယ်၊ အချိုပွဲ အတွက် ကျောက်ကျောကိုပုံစံမျိုးစုံ ထိုးပေးတယ်၊ အာလူးစနွင်းမကင်းလဲဖုတ်ပေးတယ်…
ကျမတို့မိသားစုမှာ ဖေဖေကအစိုးရဝန်ထမ်းဆိုတော့ ပိုပိုလှံျှလျှံကြီးမရှိခဲ့ပါဘူး..မေမေရဲ့စီမံမှုအောက်မှာ ကျမတို့မိသားစုဟာ ပိုတယ်ဆိုတာမရှိသလို၊ လိုတယ်ဆိုတာလည်းတစ်ခါမှမရှိခဲ့ပါဘူး…မေမေဟာမနက်ကို၅နာရီ ထိုးတာနဲ့ထပါတယ်၊ ပထမဆုံး ထမင်းအိုးတည်ထားပြီး ဘုရား‌ဝေယျာ‌ဝေစ္စကိုစလုပ်ပါတယ် ဆွမ်းကျက်တာနဲ့ ဆွမ်းတော်ကပ်ပြီးဘုရားရှစ်ခိုးပါတယ် ၆နာရီထိုးတာနဲ့ ကျမတို့ကိုနိုးပါတယ် ၊ ပြီးတော့မနက်စာစားဖို့ပြင်ဆင်ပါတယ် ၇နာရီထိုးတာနဲ့ မနက်စာကိုစားရပါတယ် မနက်စာစားနေရင်းနဲ့ ဖိုးဖိုးနဲ့ဖွားဖွားကို ဒီနေ့ဘာဟင်းစားချင် လဲမေးပါတယ် ၊ ကျမဖိုးဖိုးနဲ့ဖွားဖွားက ဖေဖေရဲ့အဖေနဲ့အမေဖြစ်ပြီး ထားဝယ်လူမျိုးတွေဖြစ်ပါတယ်၊ ကျမမေမေက ရန်ကုန်သူဆိုတော့ အစားအသောက်မှာ ဒေသကွဲတော့ နဲနဲစကား‌ပြောပါတယ်၊ ဒါပေမဲ့ ကျမမေမေက ဖိုးဖိုးနဲ့ဖွားဖွားကြိုက်တဲ့ ထားဝယ်ရိုးရာအစားအစာကိုလည်း ကောင်းကောင်းချက်တတ်ပါတယ်၊ ကျမဖွားဖွားက ပေါ်ဦးပေါ်ဖျားဆိုရင်အရင်ဆုံး စားရမှကျေနပ်ပါတယ် ၊ မစားရရင်မေမေကိုရန်လုပ်နေတတ်ပါတယ်….
၇နာရီခွဲတာနဲ့ မေမေကဈေးသွားပါတယ်၊ ကိုကိုနဲ့မမက စားပြီးသားပန်းကန်တွေဆေးရပါတယ်၊ ပြီးရင် ၈နာရီခွဲမေမေဈေးက ပြန်လာတဲ့အထိ စာကျက်ရပါတယ် ၊ပြီးရင်မေမေကကိုကိုနဲ့မမကို ၅ဝပြားဆီမုန့်ဖိုး ပေးပြီး ကျမကိုတော့ တစ်မတ်ပေးပါတယ် ပြီးတော့မေမေက ဈေးဝယ်လို့ပိုတဲ့အကြွေတွေအားလုံးကို ဇီးကွက်ရုပ် စုဘူးထဲကိုအကုန် ထည့်လိုက်ပါတယ်၊ ဒါဟာ မေမေနေ့တိုင်းလုပ်နေကျအလုပ်တွေပါပဲ…မုန့်ဖိုးရတာနဲ့ ကျမတို့ဟာလွယ်အိပ်ကိုယ်စီလွယ်ပြီး ကျောင်းသွားကျပါတယ်.. ၁၂နာရီကျောင်းကပြန်လာ တဲ့အချိန်မှာ မေမေဟာ ဖိုးဖိုးနဲ့ဖွားဖွားကို ထမင်းကွေျးပြီးပါပြီ၊ ကျမတို့ ရေချိုးဖို့ ပြင်ဆင်ပေးပါတယ်… ပြီးတော့ ၁၂နာရီခွဲတော့ ဖေ‌ဖေပြန်လာပါတယ်၊ ကျမတို့မိသားစု ထမင်းစားကြပါတယ်…ကျမကိုတော့ မေမေကခွံ့ကွေျးပါ တယ်၊ ကျမကရေချိုးပြီး အလှတွေပြင်ထားတာဆိုတော့ ပေကုန်မှာဆိုးလို့ မေမေကို့ခွံခိုင်းတာပါ၊ မေမေမခွံကျွေးရင် ကျမ က ထမင်းမစားဘူးဆန္ဒပြတယ်လေ၊ ကိုကိုနဲ့မမအပေါ်မှာထားတဲ့ မေမေရဲ့စည်းကမ်းတွေက ကျမနဲ့တော့ နဲနဲလျော့ရဲရဲနိုင်တာပေါ့နော်…၁း၁၅ ရောက်တော့ ဖေဖေကအလုပ်ပြန်သွားသလို ကျမတို့မောင်နှမ ၃ယောက်က ကျောင်းပြန်သွားရပါတယ်၊ ၄း၃၀ ကျောင်းဆင်းပြန်လာရင်တော့ မေမေ့ကိုသနားခါးအဖွေးသားနဲ့ အပေါက်ဝမှာကျမတို့ပြန်အလာကို ကြိုေနေတာတွေ့ရပါတယ် ကျမတို့မောင်နှမ ၃ ယောက်ဟာမေမေ့ကိုအလုအယက်‌ပြေးဖက်ကျပါတယ်၊ ကျမက မေမေ့ကို အရမ်းသဝန်တိုပါတယ် မေမေအနားကို ကျမတစ်ယောက်ထည်းပဲ ကပ်ချင်ပါတယ်... ဒါကိုသိတဲ့ ကိုကိုနဲ့မမက ကျမကိုအမြဲတမ်းစပါတယ်၊ မေမေကအဝတ်အစားလဲပေးပြီး ‌ပြောင်းဖူးလိုမျိုး ရာသီပေါ် သီးနှံ စာလေးဝယ်ထားတာကို ကွေျးပါတယ်၊ ကျမတို့ဟာ မုန့်စားရင်း ကျောင်းမှာဖြစ်ပျက်ခဲ့တာကို အလုအယက် မေမေကိုပြောပြပါတယ်၊ မေမေကလဲ သိချင်တာပြန်မေးလိုက် ကျမတို့ကလည်း‌ဖြေလိုက်နဲ့ ရေပက်မဝင်နိုင်အောင်ကိုပါပဲ၊ ဖေဖေပြန်လာတဲ့ ၅နာရီအထိပေါ့နေဲာ်…၆ နာရီထိုးတာနဲ့ ဖိုးဖိုးရောဖွားဖွားပါ မိသားစု စုံစုံညီညီ ညစာကိုစားရပါတယ်၊ ၇နာရီထိုးတဲ့အချိန်မှာတော့ မေမေနဲ့အတူ ကျမတို့မောင်နှမ ၃ယောက် ဘုရားရှစ်ခိုးရပါတယ်.. ဖိုးဖိုးနဲ့ဖွားဖွားကို ကန်တော့ရပါတယ် ဖေဖေနဲ့မေမေကို ကန်တော့ရပါတယ်၊ မေမေက ပညာတတ်သူဌေးမကြီးဖြစ်ပါစေလို့ ဆုပေးတဲ့အခါတော့ ကျမ အကြိုက်ဆုံးပါပဲ၊ ဒါပေမဲ့မေမေက အဲ့ဒီဆုကိုပေးခဲပါတယ် သူတော်ကောင်းတရား ပွားများအားထုတ်နိုင်ပြီး နိဗန်မဂ််ဖိုလ်ကိုရက်တိုတိုနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ပဲ ဆုပေးတာ များပါတယ်… အဲဒါကြောင့်ထင်တယ်နော်.. မေမေက ကျမတို့နဲ ့အစောကြီးခွဲသွားရတယ်… ပြီးရင်တော့ ကျမတို့ စာကျက်ရပါတယ်၊ မေမေက စာကျက်ခိုင်းတယ် ပြန်ဆိုခိုင်းတယ်၊ အဲ့ဒီအချိန်ကတော့ ကျမအတွက်စိတ်အညစ်ဆုံးပါပဲ၊ ကျမရဲ့မျက်လုံးတွေက ဖွားဖွားကို ခဏခဏ လှမ်းကြည့်မိနေတယ်၊ ဖွားဖွားဘယ်တော့ခေါ်မလဲပေါ့နော်။ ၈နာရီထိုးတာနဲ့ ဖွားဖွားက အိပ်ဖို့ကျမကိုလှမ်းခေါ်ပါပြီ၊ ဒီအချိန်ဟာ မေမေနဲ့ဖွားဖွား စကားများတဲ့အချိန်ပါပဲ ကလေးစာမရသေးဘူး.. ၉နာရီမှ အိပ်ရမယ်လို့ မေမေ‌ပြောတဲ့အခါ ဖွားဖွားက ဂး၃၀ ရင်တော်ပြီ ဆိုပြီးဈေးဆစ်တတ်ပါတယ်၊ ကျမကအတန်းငယ်သေးတော့ မေမေကဘာမှမ‌ပြော တော့ပဲ ကိုကိုနဲ့မမကိုပဲမောင်းပါတော့တယ်၊ ကိုကိုနဲ့မမကတော့ ၁၀နာရီအထိစာကျက်ရတယ်တဲ့…
မေမေကကျောင်းပိတ်ရက်တွေမှာ ရုပ်ရှင်လည်းလိုက်ပြတတ်ပါသေးတယ်...စာကြီးပေကြီးတွေတင်မကဘူး အပျင်‌းပြေကာတွန်း ၀ထ္ထုစာအုပ်ု အကုန်ဖတ်ခိုင်းပါတယ်၊ ရုပ်ရှင်ကြည့်ပြီး စာအုပ်ဖတ်ပြီးပြီဆိုရင် မေမေ့ကို ပြန်ပြောပြ ရပါတယ် အဲ့ဒီအခါမှာ ကိုကိုက ယောကျာ်းလေးဆိုတော့ မင်းသားက ဘယ်လိုဖိုက်တင်ပလေးလိုက်တာ၊ လူဆိုးတွေကို ဘယ်လိုပြန်ချလိုက်တာ‌ ပြောတတ်သလို မမနဲ့ကျမ ကတော့ မိန်းခလေးပီပီ မင်းသမီးဝတ်တဲ့ အကျီင်္က ဘယ်လိုလှတာ၊ မင်းသမီးက ဘယ်လိုချောတာကိုပဲ‌ ပြောတတ်ပါတယ်၊ မေမေဟာ ကျမတို့ပြောတာကိုပြုံး ပြီး နားထောင်နေပြီးရင်တော့ မေမေက စ ပြောပါတော့တယ် ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် စာအုပ်ဖတ်ရင်ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကဘာလဲ မင်းသား၊မင်းသမီးကဘဝကို ဘယ်လိုအောင်မြင်အောင်ကြိုးစားခဲ့သလဲ ၊ မိသားစုအပေါ် ဘယ်လိုအနစ်နာခံခဲ့သလဲ၊ ရန်သူအပေါ် ဘယ်လိုမြင့်မြတ်တဲ့စိတ်ထားနဲ့ တုန့်ပြန်ခဲ့သလဲဆိုတာကို ပြောပြပါတယ်...မေမေက ကျမတို့ကို ဘယ်တော့မှရန်ကိုရန်ခြင်း မတုံ့ပြန်ခိုင်းပါ၊ မေတ္တတာထား သည်းခံခိုင်းပါတယ်၊ နောက်ပြီးမေမေက ကျမတို့ကိုတစ်ခါမှ ရိုက်ပြီး မဆုံးမဘူးသလို နှုတ်နဲ့လည်း ကြမ်းကြမ်းတမ်းတမ်း မဆုံးမခဲ့ပါဘူးပါဘူး၊ မေမေဖြစ်ချင်တာကို လေအေးအေးနဲ့ပဲ ဆုံးမတတ်ပါတယ်၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကိုလည်း အမြဲခွဲခြားပြောပြလေ့ရှိပါတယ်၊ မေမေကိုကြည့်ရမြင်ရတာ တကယ့်ကိုအေးချမ်းပါတယ်...
ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့ပြီး၊ နွေရာသီကျောင်းပိတ်ရက်မှာ ကျမတို့မိသားစုကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ အလှူလုပ်မယ်တဲ့ ကျမတို့ကရှင်ပြုနားသပြီးသားဆိုတော့ ရှင်မပြုနိုင်တဲ့ကလေးတစ်ယောက် ကိုရှင်ပြုပြီး ကျောင်းရေစက်ချပွဲတဲ့၊ အလှူဆိုတော့ ကျမတို့ပျော်တာပေါ့နော်…ပြီးတော့ ကျမတို့ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်း က တောထဲမှာလေ၊ အရမ်းပျော်ဖို့ကောင်းတယ်၊ တောထဲလျှောက်သွားပြီး သ‌ပြေပန်းခူး၊ တောပန်းလေးတွေခူး၊ စမ်းချောင်းလေးမှာရေချိုး တစ်တောင်တက်လိုက် တစ်တောင်ဆင်းလိုက်နဲ့ အရမ်းပျော်ဖို့ ကောင်းပါတယ် ဒါပေမဲ့ မေမေက အလှူပြီးတာနဲ့ မေမေရှင်ပြုပေးတဲ့ ကိုရင်လေးနဲ့အတူတူ ကျမတို့မောင်နှမ ၃ယောက် တရားရိပ်သာမှာ တစ်လ တရားအားထုတ် ရမယ်ဆိုတော့ သိပ်မပျော်ချင်တော့ဘူး ဖြစ်သွားတယ်…
အလှူနေ့မှာတော့ မေမေမျက်နှာဟာကြည်လင်ဝင်းပနေတယ်၊ ဖေဖေကိုကြည့်ရတာကလည်း ကမာ္ဘပေါ်မှာကံ အကောင်းဆုံးလူလိုပဲ၊ ဖိုးဖိုးနဲ့ဖွားဖွားကလည်း ဒီလိုပဲ၊ အလှူလာကြတဲ့သူတွေကလည်း မေမေကိုချီးမွမ်းကျတယ် အရမ်းတော်တယ်တဲ့ ဖိုးဖိုးနဲ့ဖွားဖွားကိုလည်း ခွေျးမကောင်းရတယ်တဲ့၊ ဖေဖေကိုကျတော့လည်း မြင့်မြတ်တဲ့ပါရမီ ဖြည့်ဖက်တဲ့၊ ကျမတို့ကိုကျတော့ တကယ့်လမ်းပြကောင်းတဲ့ မိခင်ကောင်းတဲ့၊ ဘာ‌တွေ‌ပြောနေကျတာလဲဟင်၊ ကျမဘာမှနားမလည်ဘူးလို့ ကိုကိုနဲ့မမကိုမေးတော့ ကိုကိုနဲ့မမက ကျမကို ခေါ်သွားပြီးပြပါတယ် ခပ်လတ်လတ် အရွယ်ရှိတဲ့ ကမဌာန်းကျောင်းအသစ်လေး၊ မေမေဆောက်ပြီးလှူထားတာတဲ့၊ အင်းလေ ကျမသိတယ်လေ၊ အဲ့ဒါဘာဖြစ်လဲ ဆိုတော့ မေမေကအဲ့ဒီကျောင်းလေးကို ဈေးဖိုးပိုတဲ့အကြွေလေးတွေကိုစုပြီးဆောက်ထားတာတဲ့၊ အဲ့ဒီတော့မှ ကျမပါးစပ်ကလေး အဝိုင်းလိုက်ဖြစ်သွားပါတော့တယ်၊ ကျမမျက်စေ့ထဲမှာပြန်မြင်ယောင်လာပါ တော့တယ် မေမေ ဈေးကပြန်လာတိုင်း ကျောင်းဖွင့်တဲ့ရက်ဆိုကျမတို့ကို မုန့်ဖိုးပေးတယ်ပြီးတော့ ပိုတဲ့အကြွေလေးတွေကို ဇီးကွက်စုဗူးထဲထည့်တယ်၊ ကျောင်းပိတ်တဲ့ရက်ဆိုရင် ကျမတို့ကိုမုန့်ဖိုးမပေးတော့ပဲ ပါလာတဲ့အကြွေတွေကို အကုန်ထည့်လိုက်တယ်…အဲ့ဒီစုဗူးလေးကိုမေမေနှစ်သက်မှန်းသိတော့ ကျမအလိုမကျတိုင်း မေမေ့ကိုစိတ်ဆိုးတဲ့အခါတိုင်း အဲဒီစုဗူးကို တွန်းလှဲ ပစ်ထုတ်လုပ်တတ်ပါတယ်…ကျမ ငရဲကြီးမလားမသိဘူးနော်…
ဒီလိုနဲ့ပဲ ကျမ ၈တန်းနှစ်ရောက်တဲ့အခါမှာ မေမေကျန်းမာရေးဟာ ချို့ယွင်းလာခဲ့ပါတော့တယ် ၊ ဖိုးဖိုးနဲ့ဖွားဖွားကလည်း ကျမ ၆တန်းနှစ်မှာ ရှေ့ဆင့်နောက်ဆင့်ဆုံးသွားပါတယ်၊ ကျမ ၉တန်းနှစ်ရောက်တဲ့အခတာ့ မေမေဟာ တော်တော်လေးကိုပိန်လာပါပြီ ကျမတို့ကို သိပ်ပြီး မစီမံနိုင်တော့ပါဘူး၊ ကိုယ်တိုင် မလုပ်နိုင်တော့ပဲ နှုတ်နဲ့ပဲ စီမံနိုင်ပါတော့တယ် ဒါပေမဲ့ မေမေ့စီမံမှု အောက်မှာအသားကျခဲ့တဲ့ ကျမတို့မှာ မေမေမစီမံနိုင်လဲ မေမေစီမံသလိုပါပဲ၊ အငယ်ဆုံးဖြစ်တဲ့ကျမတောင် ထမင်းဟင်းကောင်းကောင်းချက်တတ်ပြီ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ အကုန်ချက်တတ်နေပြီဖြစ်လို့ မေမေဟာကျမတို့ထားခဲ့ပြီး တရာရိပ်သာကိုပဲ ဝင်နေပါတော့တယ်၊ တစ်ခါဝင်ရင် တစ်လကြာပါတယ်…ကျမတို့ကို ပညာကုန်သင်ပေးပြီး စိတ်ချရတဲ့ တစ်နေ့မှာတော့ မေမေဟာကျမတို့ကိုထားသွားပါတော့တယ်၊ ကျမတို့မိသားစုအတွက် စီမံခန့်ခွဲလမ်းညှွန်မှုပေးခဲ့တဲ့မေမေဟာ သူ့အတွက်လည်း ဘဝကူးကောင်းအောင်၊ သံသရာကောင်းအောင် ကုသိုလ်ကောင်းမှုတွေအဆက်မပြတ်လုပ်ခဲ့သလို၊ ဝိပဿနာတရားကိုလည်း တစ်ခါ ထိုင်ရင်တစ်လကို ရှစ်ကြိမ်တိုင်တိုင် တရားအားထုတ်သွားခဲ့ပါတယ်၊ နောက်ဆုံးအကြိမ်တရားရိပ်သာကို သွားတဲ့အခါမှာ မေမေဟာ အသက်ကိုတောင် ခဲရာခဲဆစ်ရှုသွင်းနေရတဲ့အချိန်ဖြစ်နေပါပြီ၊ ဒါပေမဲ့ ရှစ်ပါးသီလ ကိုနိုင်အောင်ထိန်းပြီး တစ်လကို ရအောင်တရားအားထုတ်သွားခဲ့ပါတယ်…
မေမေအခုဆိုရင် မီးမီးက အရာရှိတစ်ယောက်ဖြစ်နေပါပြီ စက်ရုံက Production ကောင်းအောင် Operation Ratio ကောင်းအောင် စီစဉ်ညှွန်ကြားနေရပါတယ်၊ မီးမီးလက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ဘဝ ကျန်းမာပျော်ရှွင်အောင် ၊ အလုပ်ခွင်မှာပျော်ရှွင်စွာ လုပ်အားအပြည့်သုံးနိုင်အောင် မီးမီးတာဝန်ယူထမ်းဆောင် နေရပါတယ်၊ မေမေသင်ပေးခဲ့တာတွေအားလုံးကို မီးမီးတတ်ခဲ့ပါတယ်မေမေ… ဒါပေမဲ့ တစ်ခုတော့မတတ်ဖူးဖြစ် နေတယ်မေမေ… အဲ့ဒါတော့ မေမေ‌ခြေရာကိုလုံး၀မနင်းနိုင်တဲ့ မီးမီးရဲ့ညံ့ဖျင်းမှုပါပဲမေမေ… မီးမီးဝန်ခံပါတယ် မေမေ...မေမေ့သမီးဖြစ်ပြီး မလုပ်နိုင်တာကိုလဲ ရှက်မိပါတယ်မေမေ၊ မေမေကဖေဖေရဲ့လခလေးနဲ့ မီးမီးတို့ မိသားစု ၇ယောက်ရဲ့ စားဝတ်နေရေး အားလုံးစီမံခန့်ခွဲနိုင်တဲ့အပြင် ဈေးဖိုးပိုတဲ့အကြွေလေးတွေစုပြီး တရားထိုင်တဲ့ကမဌာန်း ကျောင်းလေး ဆောက်ပြီးလှူနိုင်ခဲ့တယ် နော်… အခု မီးမီးမှာ လခတွေအများကြီးရနေပြီလေ၊ မေမေလို ပေါ်ဦးပေါ်ဖျားမစားရရင်၊ အစားအသောက်ဂျီး များတဲ့ ဖိုးဖိုးနဲ့ဖွားဖွားလို တာဝန်ယူစရာလည်းမရှိဘူး၊ နောက်ပြီး မေမေလို ကျောင်းစရိတ်တွေထောက်ပံ့ပေးရတဲ့ သားသမီးတွလည်း မီးမီးမှာမရှိဘူး၊ သီတင်းကျွတ်ရယ် မီးမီးမွေးနေ့ရယ်မှာ ဖေဖေကိုကန်တော့တာကလွဲလို့ ဖေဖေကို မီးမီးတာဝန်မယူရဘူး၊ မီးမီးလခကို မီးမီးတစ်ယောက်ထဲပဲ သုံးနေရတယ် မေမေရဲ့… အခုမီးမီလခတွေ အများကြီးရနေပြီလေ…ဒါပေမဲ့ မေမေလို ကမဌာန်းကျောင်းလေးဆောက်ပြီး မလှူနိုင်ဘူး…ပြီးတော့ မေမေ ရှိတုန်း ကလို တရားရိပ်သာသွားပြီး တရားအားမထုတ်နိုင်ဘူး… မေမေကို မီးမီလခတွေ အပ်ချင်ပါတယ်မေမေ၊
မီးမီးဆီကို ခဏလေးဖြစ်ဖြစ် ပြန်လာခဲ့ပါလား မေမေ… မီးမီးရဲ့လခလေးတွေအပ်ချင်လို့ပါ၊ ခဏလေးဖြစ်ဖြစ်လာပြီး မီးမီးရဲ့ လုပ်ခလစာလေးကို အကျိုးရှိရှိ စီမံခန့်ခွဲပေးပါအုံးမေမေရယ်…..မီးမီးရဲ့အသက် ၁ဝနှစ်ကိုနှုတ်ယူပြီး မေမေ့အသက်မှာ ၁နှစ်ပေါင်းပေးမယ်ဆိုရင်လည်း အားရဝမ်းသာစွာနဲ့ကျေနပ်ပါတယ်မေမေ...ဒီလိုမျိုးဘယ်သူလုပ် ပေးနိုင်သလဲဆိုတာ မီးမီးကိုပြောပြပါ မေမေ၊ မီးမီးအတွက် မေမေက အရမ်းကိုလိုအပ်နေလို့ပါ၊ သူများတွေကိုတော့ စီမံအုပ်ချုပ်ေနေပြီး ကိုယ့်ကိုကိုယ်လဲ ဘယ်လိုစီမံအုပ်ချုပ်ရတယ်ဆိုတာ မီးမီးကို ခဏလေးလာပြီး စီမံညှွန်ကြားပေးပါအုံးမေမေရယ်......

မမမီးမီး

Reference Image : http://www.ipuzzlebiz.com

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ