Saturday, November 7, 2009

ရွက်လွှင့်သူများ



ကျနော် ငယ်ငယ်က ဇော်ဝင်းထွဋ်ဆိုထားတဲ့ “ရွက်လွှင့်ခြင်း” ဆိုတဲ့ သီချင်းကို အရမ်းသဘောကျခဲ့ပါတယ်။
ဘာကြောင့်မှန်းတော့ သေချာမသိပါ။ ရွက်လွှင့်ခြင်းဆိုတဲ့ စကားကို စွဲစွဲမြဲမြဲနှစ်သက်နေခဲတာတော့ အမှန်ပါ။

ဘာအကြောင်းကြောင့် ဖြစ်ဖြစ်ကျနော်ခုအချိန်မှာ ရွက်လွှင့်နေခဲ့ပါတယ်။ ဘယ်အချိန်ဘယ်သောင်ကပ်မည် မသိပေမဲ့ အမိမြေကမ်းခြေကို အမြဲလွမ်းတတ်တဲ့ စိတ်ကတော့ အစဉ်လို ကိန်းအောင်းနေခဲ့ပါတယ်။

အခုဆို ကျနော့်လိုရွက်လွှင့်နေကြတဲ့ ညီအကိုမောင်နှမတွေပေါင်းဆုံထားတဲ့ ဒီဖန်းတီးမှုရပ်ဝန်းလေးမှာ ပူးပေါင်းတွေ့ဆုံခွင့်ရ နေပါတယ်။ အားလုံးရဲ့ စိတ်တွေမှာ အသိဖလှယ်ချင်တာတွေနဲ့ တတ်ကြွနေတာတွေ့တော့ ကျနော့ရဲ့ လျော့ရိလျော့ရဲ စိတ်ကလေးတွေ ပြန်တင်းလာမိသလိုပါ။

အကုန်လုံးမှာ အသိတွေများစွာနဲ့ ဝင်းလက်နေတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်ထားကြတယ်လေ။ ကျနော့ရဲ့ မှုန်းဝါးဝါး မျက်ဝန်းတွေတောင် သူတို့တွေရဲ့ ရောင်ပြန်ကြောင့် ကြည်လင်လာသလို ခံစားရပါတယ်။
ကျနော့ အသိတွေ ပွင့်လန်းလာမယ်ဆိုတာကိုလည်း တဖြည်းဖြည်း ပိုမိုယုံကြည်လာမိတယ်။

“မိမိကိုယ်ကိုသာ ကိုးကွယ်အားထားရာ” ဆိုပေမဲ့ “ မိတ်ဆွေကောင်း ပတ်ဝန်းကျင်ကောင်းဆိုတာ မရှိမဖြစ်လိုအပ်တယ်” ဆိုတာကို လက်တွေ့သိခွင့်ရသလိုပါ။

ဆရာ ဦးအောင်သင်း ဟောပြောပွဲတစ်ခုမှာ ပြောဖူးတဲ့ စကားလေးတစ်ခွန်းအမှတ်ရမိပါတယ်။

“မင်းတို့တွေ လူတစ်ယောက်ဆိုးတယ်ကောင်းတယ်ဆိုတာ သူ့ရဲ့ ဗီဇမပါရင် ပြင်ဖို့ခက်တယ်ကွ။ ကလေးတစ်ယောက် နဂိုကောင်းနေတာကနေ အပေါင်းအသင်းတွေ ကြောင့်ပျက်သွားတယ်” လို့ ပြောတတ်ကြတယ်။ အဲဒီစကားတော့ လက်မခံချင်ဘူး။ မြန်မာစကားမှာ “ချိုကုတ်ရှိရာ၊ ချိုထောင်မလာ” ဆိုတဲ့ စကားရှိတယ်။ အဲဒါနဲ့တွက်ရင် အဲဒီကလေးလည်း နဂိုကတည်းက ချိုလေးနည်းနည်းတော့ ကုတ်နေလို့ကွ” တဲ့။”

အခုကျနော် လည်း ချိုကုတ်တွေနဲ့ပေါင်းမိသလား ချိုထောင်တွေနဲ့ပေါင်းမိသလား တော့မသိဘူး။ အကယ်၍ အကုတ်တွေပဲဆိုရင် ကျနော်လည်းနည်းနည်းကုတ်နေလို့ပေါ့။ အဲ ချိုထောင်တွေချည့်ပဲ ဆိုရင်တော့ ကျနော်ကိုယ်တိုင်ချိုထောင်လေး ဖြစ်နေသလားမသိပါဘူး။

အသို့ဆိုစေ ကျနော်ခုအချိန်မှာ ဖန်တီးမှုရပ်ဝန်းလေးမှာ မန်ဘာတစ်ယောက်အဖြစ် တနည်း ရွက်လွင့်သူများ ပူးပေါင်းဖြစ်တဲ့ အထဲမှာ ရောယောင်ပါဝင်နေပါပြီ။

သူများယောင်လို့ ယောင်အမောင်တောင်မှန်းမြောက်မှန်းမသိပေမဲ့လည်း ကျနော်ကိုင်မိတဲ့ ရွက်ကြိုးလေးတစ်စကိုတော့ မြဲမြဲကိုင်ထားဖို့ ကြိုးစားနေပါ့မယ်ခင်ဗျာ။

MMO
Creative Space

No comments: