ခေါင်းဆောင်မှု



၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညှွန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။
ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသောအချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားရှိကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသောပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံ့လစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညှွန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။
(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။
စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင်တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှု သည် လူတစ်ဦးချင်းအောင်မြင်မှုအတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။
စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။
ဥပမာ -
စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လှွဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လှွဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညှွန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလှွဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။
၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။
သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။
ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၄င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွားရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)

နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွားနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။
စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။
ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလှွဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲတူလိုဟန်ရှိကျပါတယ်။
စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။
( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာလက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန်စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လှွဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင်အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီတာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွားမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓာတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၄င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။
အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလှွဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။
သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။
သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။
ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၄င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက်အသစ်ဆီသို့ ပြောင်းရှေွ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။
(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။
အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၄င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။
Photo အား www.smallbusinesscan.com မှရယူပါသည်။

Comments

ပို ့စ်ကောင်းလေးတွေပါ...ဖတ်သွားတယ်နော်

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ