တော်ဝင်ပန်းကို စိုက်ပျိုးခြင်း(သို့မဟုတ်)လူများစွာရဲ့အသဲစွဲ နှင်းဆီ(သို့မဟုတ်) ရိုစီ(ROSES)-1



မြေခင်းအလှပညာမှာ ပန်းပင်သစ်ပင်တွေစိုက်ပျိုးခြင်းက အထူးပင်အရေးကြီးလှပါတယ်။ အလှပန်းပင်များ စိုက်ပျိုးခြင်းဖြင့် ရနံ့၊ အဆင်းတို့ ရောနှောခံစားခွင့် ရရှိပါတယ်။ လတ်ဆက်သောလေ နှင့်အတူ သင်းပျံ့တဲ့ ပန်းရနံ့တွေက ထိုနေရာရောက်လာသူကို ကြည်လင်ရွှင်လန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေထဲမှာ ရိုစီ(Roses) လို့ခေါ်တဲ့ နှင်းဆီပန်းပင် စိုက်ပျိုးနည်းအကြောင်းလေး ဆွေးနွေးကြည့်ချင်ပါတယ်။ ကျနော့ရဲ့ စာတွေ့အသိနှင့်သာပြောပြနိုင်မှာပါ။ လက်တွေ့ စိုက်ပျိုးဖူးတဲ့သူတွေ၊ ဥယျာဉ်မှူးတွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ နောက်... ကျနော့ထက် လေ့လာဖတ်ရှုအားကောင်းတဲ့သူတွေ ဒီစာလေးဖတ်ပြီး လိုအပ်တာ၊ မှားယွင်းတာများရှိရင် ပြင်ဆင်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော့ရဲ့ အသိအနည်းငယ်ကို မျှဝေခြင်းမို့ မပြည့်စုံဘူး ဆိုတာကိုလည်း ကြိုတင်ပြောကြားထားပါရစေခင်ဗျာ။

ပန်းအလှများစွာထဲမှာ အထင်ရှားဆုံးလူသိအများဆုံးဟာ နှင်းဆီပန်းဆိုရင် လက်ခံနိုင်မယ်ထင်ပါတယ်နော်။ နှင်းဆီပန်းကို မနှစ်သက်သူများလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့လှပတဲ့ အဆင်းနှင့် သင်းပျံ့စူးရှစွဲဆောင်အားကောင်းလှတဲ့ မွှေးရနံ့ကတော့ လူအတော်များများကို အရူးအမူး အသဲခိုက်စေတာပါ။ အဲဒီလို လူကြိုက်များလွန်းလို့လည်း အချို့သူတွေက မနှစ်သက်တာလားလို့ ကျနော်တွေးမိပါတယ်။ နှင်းဆီပန်းနှင့်အတူ လှပတဲ့၊ ကြေကွဲဖွယ်ကောင်းတဲ့၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့၊ ချစ်ခြင်းတရားကိုပုံဖော်သီကုံးတဲ့ ပုံပြင်၊ ဒဏ္ဍာရီ၊ ဝတ္ထုတွေကလည်း နှင်းဆီပန်းချစ်သူတွေကို ပိုလို့မြတ်နိုးစေပြန်တာပေါ့။ အဲဒီလို နှစ်သက်ဖွယ်ကောင်းပြီး စွဲဆောင်အားကောင်းလှတဲ့ တော်ဝင်နှင်းဆီပင်ကို စိုက်ပျိုးဖို့ဆိုရင် မကျွမ်းကျင်တဲ့စိုက်ပျိုးစ ဥယျာဉ်မှူးလက်သစ်တွေ အတွက် တွန့်ဆုတ်နေတတ်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ နှင်းဆီပင်က အလှတရားတွေ ဝင့်ထယ်သလို စိုက်ပျိုးထိန်းသိမ်းရ ခက်တယ်ဆိုတဲ့ ဂုဏ်သတင်းကလည်း စိုက်ပျိုးသူတွေကြား မွှေးပျံ့လှပါတယ်။ အဲဒီလို ထိန်းသိမ်းရခက်လို့လည်း သူ့ရဲ့တန်ဖိုးက ပိုမြင့်နေသလားဆိုတာလည်း တွေးစရာပါ။ အကယ်၍ သူ့ကိုသာ စိုက်ပျိုးနိုင်ပြီဆိုရင် သူရှိတဲ့နေရာကို ရောက်လာတဲ့ သင့်အတွက် သူ့ရဲ့လှပတဲ့ ရောင်စုံ အဖူး အပွင့်တွေ၊ မွှေးပျံ့ထုံအီစေတဲ့ရနံ့တွေက သင့်ကို မိန်းမောတွေဝေပြီး နှလုံးအိမ်တစ်ခုလုံးကို သိမ်းကြူံးယူငင်သွားခြင်းခံရသလို အံ့သြငေးမောသွားစေမှာပါ။ သူ့ကို စိုက်ပျိုးထားပြီး ပိုင်ဆိုင်နေတဲ့ သင်ကိုယ်တိုင်လည်း ဂုဏ်ယူဝင့်ကြွားနေမိမယ်လို့ ဆိုမိရင် လွန်သွားမလားခင်ဗျာ။
ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီဖိုရမ်မှာ အင်မတန်သတင်းမွှေးတဲ့ အလှနှင်းဆီလေးကို ကျနော်တို့တတွေ စိုက်ပျိုးကြည့်ကြရအောင်လား။
မစိုက်ပျိုးခင် ဘာတွေလိုအပ်လည်းဆိုတာ စာရင်းလေး လုပ်လိုက်အုန်းမယ်ဗျ။

ဒီမှာဗျာ "Tool & Material Checklist" တွေကတော့

1-Spade (တူရွန်းပြား၊ ဂေါ်ပြား)
2-Garden Fork (ဥယျာဉ်သုံး မြေဆွ ခရင်းခွ)
3-Fertilizer(မြေသြဇာ)
4-Towel(ရေစုပ် အဝတ်)
5-Garden Hose(ဥယျာဉ်သုံး ရေပန်း)
6-Pruning Shears(ပေါင်းရှင်းကိရိယာ)
7-Compost(မြေဆွေး)
8-Loppers(ဖြတ်တောက်ကိရိယာ)
9-Peat Moss(ရေညှိုမြေဆွေး)
10-Bucket(ခြင်းတောင်း)
11-Plants(နှင်းဆီပင်)
12-Wheelbarrow or Garden Cart(တစ်ဘီးလက်တွန်းလှည်း (သို့) ဥယျာဉ်သုံး တွန်းလှည်း)

ကဲ... ၁၂ မျိုးတောင်ပဲဗျာ...။ အဲဒါလေးတွေ လိုအပ်တယ်တဲ့။ အင်းတကယ်လိုမလိုတော့ တကယ်စိုက်ဖူးတဲ့သူတွေ သိကြမှာပါ။ ကျနော်ကိုယ်တိုင်တော့......နောက်အဆင်ပြေရင် တကယ်စိုက်ကြည့်မယ်ဗျာ။ ခုတော့ ဒါလေးတွေ စုဖို့ပြင်ထားအုန်းမယ်ဗျိုး...။



နှင်းဆီပင်တွေကို သူတို့ရဲ့ အပွင့် အလှပြသဖို့ရန် ရှိုးကေ့ အဖြစ်အခြားပန်းမျိုးတွေနှင့်အတူတွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံမှာဆို ဘုရားပန်းတွေမှာ ဧည့်ခန်းတွေမှာ တွေ့နေရပါတယ်။ သို့သော်လည်း နှင်းဆီပင်တွေဟာ သူတို့ရဲ့ခန့်ညားလှပတဲ့ အရွက်ကြောင့် မြေခင်းအလှ(Landscape) ပြုလုပ်ရာမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ နှင်းဆီပင် ခြုံငယ်လေးတွေကို အဆောက်အဦးတွေရဲ့ စင်္ကြန်လမ်းအဆုံးမှာဖြစ်စေ၊ ဥယျာဉ်တွေရဲ့ အခင်းပြင်တွေမှာ ဖြစ်စေ စိုက်ပျိုးတတ်ကြပါတယ်။ နှင်းဆီခြုံအကြီးတွေနှင့် နွယ်ပင်တွေကိုတော့ သီးသန့်နေရာတွေပြုလုပ်ဖို့ ဒါမှမဟုတ် မြင်ကွင်းနေရာတွေ ပိုင်းဖြတ်ခွဲခြားဖို့ ပြုလုပ်ရာမှာ အသုံးပြုတတ်ကြပါတယ်။



(၆)ပေကျော် အရပ်ရှိပြီး ထူထပ်တဲ့ ခြုံတန်းရှည်တွေက နှစ်ရှည်ခံ ခြံစည်းရိုးသစ်ပင်တွေအဖြစ် အသုံးဝင်လှပါတယ်။ တခြားအသုံးပြုပုံကတော့ အိမ်တွေရဲ့ ဘေးဘက်တွေမှာ ပန်းစင်ခံပြီး ခြုံနွယ်တွေတက်အောင် ထိန်းကျောင်းပြုပြင်ပြီး စိုက်ပျိုးလို့လည်းရပါတယ်။ ခြုံနွယ်တွေ အဖြစ်ပြုလုပ်နိုင်ခြင်းကလည်း နှင်းဆီပင်တွေရဲ့ ဆွဲဆောင်နိုင်ခြင်းတစ်မျိုးပါပဲ။ များစွာသော နှင်းဆီမျိုးစိတ်တွေ နှင့် ဥယျာဉ်သုံး နှင်းဆီပင်အိုတွေဟာ သဘာဝ မြေခင်းအလှဖော်ဆောင်ရာမှာ အံဝင်ခွင်ကျ အဆင်ပြေ သင့်လျှော်နေပါတယ်။



အချုပ်အားဖြင့် ဆိုက်တစ်ခုရဲ့ မြေခင်းအလှလုပ်ဆောင်ရာမှာ နှင်းဆီပင်ကို အသုံးပြုမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ရဲ့ အခြေအနေကို ထည့်စဉ်းစားရပါမယ်။ နှင်းဆီပင်တွေဟာ နေရောင်ခြည်ကို အင်မတန်နှစ်သက်တဲ့ အပင်တွေပါ။ သူ့အတွက် နေရောင်ခြည်တစ်နေ့ကို အနည်းဆုံး ခြောက်နာရီထိတွေ့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ပူလွန်းတဲ့ရာသီတွေမှာလည်း မွန်းတည့်နေရဲ့ ပူပြင်းမှုကိုကာကွယ်ဖို့ သင့်တော်တဲ့ အရိပ် တွေပြုလုပ်ပေးရပြန်ပါသေးတယ်။ နောက်ပြီး လေပြင်းတိုက်ရိုက်ထိတွေခြင်းကလည်း ကာကွယ်ပေးဖို့ လိုအပ်သေးတယ်။ လေပြင်းထိရင်တော့ နှင်းဆီရဲ့ အဖူးအပွင့်တွေ ကျေမွပျက်စီးလွယ်ပါတယ်။ အပင်ကိုလည်း လျှင်မြန်စွာ ညှိုးခြောက်သွားစေနိုင်ပါတယ်။ စိတ်ထဲမှာ အမှတ်ရနေသင့်တာကတော့ အပင်ရဲ့ ရင့်မာတဲ့ ရှင်သန်မှုကို အမြဲထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ လေဝင်လေထွက်ကောင်းစွာရရှိနိုင်တဲ့အခန်းထဲမှာ အခြားအပင်တွေနှင့်အတူ လေကောင်းစွာဖြတ်သန်းတိုက်ခိုက်နိုင်ဖို့ ထားပေးခြင်းက ရောဂါဖြစ်ခြင်းကို ကာကွယ်ရာမှာ အကူအညီပေးနိုင်ပါတယ်။

ကျနော်အခုပြောတဲ့ အချက်တွေအပြင် အခြား နှင်းဆီနှင့်ပတ်သတ်တဲ့ အသုံးပြုနိုင်ပုံတွေ များစွာ ရှိနေနိုင်ပါတယ်ခင်ဗျာ...။ ပစ္စည်းတစ်ခုဆိုတာ နေရာဒေသ အချိန်အခါကိုလိုက်ပြီး အသုံးပြုတတ်သူအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တာပဲ မဟုတ်လား။ ဒါတွေကတော့ လူသားတွေရဲ့ စိတ်ကူးတီထွင်ဉာဏ်ဆန်းကျယ်မှုအပေါ်လိုက်ပြီး ဆုံးဖြတ်ရမှာပါခင်ဗျာ... ။
အဲလို ဖန်းတီးတီထွင်နိုင်ခြင်းဟာ အခြားမည့်သည့်သတ္တဝါမှ မပြုလုပ်နိုင်ဘဲ လူသားတို့သာ ပြုလုပ်နိုင်တဲ့ သီးသန့်မဟာ အခွင့်အရေး မဟုတ်ပါလားခင်ဗျာ...။



ပန်းအလှစိုက်ပျိုးဖို့ စိတ်ဝင်စားပြီဆိုတာနဲ့ နှင်းဆီပင်ဟာ စိုက်ပျိုးရေးသမားတွေအတွက် ပထမဆုံးရွေးချယ်ချင်တဲ့ အပင်ပါ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့အဆင်းအလှနှင့် တော်ဝင်နန်းဆန်တဲ့ အပွင့်သဏ္ဍာန်၊ သင်းပျံ့ရစ်မူးဖွယ်ကောင်းတဲ့ ရနံ့မွှေးပျံ့မှုတွေက အခြားအပင်တွေထက် ဆွဲဆောင်အား ပိုကောင်းနေတာကိုး။ အဲဒီလိုဆွဲဆောင်နိုင်တဲ့သူ့ကို စိုက်ပျိုးမယ် ဆိုရင်တော့ အထူးသတိထားရမဲ့ အချက်တွေကိုလည်း မေ့မနေသင့်ပါဘူး။ အရေးအကြီးဆုံးက အအေးပိုင်းဒေသတွေမှာ ရာသီဥတု ကြမ်းတမ်းတဲ့ အပြောင်းအလဲဒါဏ်ကို ကြံကြံခံနိုင်ဖို့ပါပဲ။ အအေးပိုင်း အပူချိန်တွေရဲ့ အနိမ့်ဆုံး အပူချိန်ဟာ အပင်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အပူချိန်ဖြစ်ရမယ်။

မိုးခေါင်ရာသီဥတုဖြစ်နေပေမဲ့၊ စိုစွတ်မှုမြင့်မားပြီး အားနည်းတဲ့ မြေဆီလွှာတွေကို နှင်းဆီပင်တွေ ပိုမိုနှစ်သက်တတ်ပါတယ်။ အဲဒီအခြေအနေတွေမှာဆို အောင်မြင်ဖို့ ပိုများပြီး သာမန်ဂရုစိုက်မှုထက် လျှော့နည်းတတ်ပါတယ်တဲ့။ ဘယ်လိုဖြစ်ဖြစ်ပါ နှင်းဆီပင်စိုက်တော့မယ်ဆိုရင် စိုက်ပျိုးရေးမြတ်နိုးတဲ့ တနည်း နှင်းဆီကိုချစ်ကြတဲ့ နှင်းဆီသခင်တွေ မြို့နယ်အတော်များများမှာ အဖွဲ့လေး သဘောမျိုး ရှိနေတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ နှင်းဆီစိုက်ပျိုးတဲ့ အတွေ့အကြုံများစွာရှိတော့ ခုမှစိုက်ပျိုးမဲ့သူတွေကို အကူအညီတွေ အကြံဉာဏ်တွေ စိတ်အားတတ်ကြွစွာ ပေးတတ်ပါတယ်။

ဒါနဲ့ နှင်းဆီပင်ကို အမျိုးအစား (၂) မျိုးရနိုင်ပါတယ်။ မြစ်ပွားအပင်(bare-root) အဖြစ်တစ်မျိုး၊ ပန်းအိုးနှင့် ပျိုးပင်(in containers) အဖြစ်တစ်မျိုး ရောင်းချတတ်ကြပါတယ်။
မြစ်ပွားပင်တွေကတော့ အမြုံပင်တွေလိုပါပဲ။ သူတို့မှာ အကိုင်းပဲရှိပြီး အရွက်မပါပါဘူး။ အမြစ်ကတော့ မြေကြီးနှင့် ထားပါတယ်။ ပျိုးခြံတွေမှာ လူအများစု သဘောကျတတ်တာတော့ မြစ်ပွားပင်ကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ မြစ်ပွားပင်တွေက သာမန်အားဖြင့် ရောင်းချရတာနှင့် ပို့ဆောင်သယ်ယူတာ အဆင်ပြေပြီး စိုက်ပျိုးရမဲ့ အချိန် (နွေဦးရာသီဖြစ်ဖြစ်၊ ဆောင်းဦးရာသီဖြစ်ဖြစ်) နဲ့ သင့်လျှော်လို့ပါ။ နောက်တစ်ချက်က မြစ်ပွားပင်(bear-root) တွေကို ချက်ချင်းမစိုက်နိုင်သေးရင်လည်း အပူချိန် (၅၀)ဒီဂရီအောက်ရှိတဲ့ နေရာမှာ သိမ်းထားလို့ရနိုင်ပါတယ်။ အဲဒီလိုလုပ်ထားတဲ့အတွက် သူ့ရဲ့ သနေ္ဓမပျက်စီးနိုင်ပါဘူး။ နောက်တစ်ချက်က စွတ်စိုထိုင်းမှိုင်းတဲ့နေရာမှာ ထားရင်လည်း မသေနိုင်ပါဘူး။



ပန်းအိုးနှင့်ပျိုးထားတဲ့ အပင်တွေကတော့ ထုံးစံအားဖြင့် မြစ်ပွားပင်တွေထက် ဈေးကြီးပြီး ရနိုင်တာမှာလည်း အကန့်အသတ်ရှိပါတယ်။ အပင် ကျန်းမာသန်စွမ်းစွာ ကြီးထွားဖို့ရာလည်း ဂရုစိုက်ရပါတယ်။ နောက် အပင်ရဲ့ အမြစ်တွေဟာ ပန်းအိုးအပေါ်တတ်လာရင်ပဲဖြစ်စေ။ ပန်းအိုးအောက်ကနေထိုးထွက်နေရင်ပဲဖြစ်စေ အဲဒီအပင်ဟာ အဲဒီပန်းအိုးအတွက် အရမ်းရှည်နေတတ်ပါတယ်။ ယေဘုယျအားဖြင့် ပန်းအိုး နှင်းဆီပျိုးပင်တွေကို နွေဦးရာသီတွေနှင့် နွေရာသီအလယ်ပိုင်းတွေမှာ ဒါမှမဟုတ် ဆောင်းရာသီ အဦးအစတွေမှာ စိုက်ပျိုးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာဆို ပူနွေးစိုစွတ်တဲ့သမပိုင်းတွေမှာ စိုက်ရင်အဆင်ပြေနိုင်တွေနိုင်တာပေါ့နော်။

MMO
Creative Space

ဆက်ရန်

Comments

Popular posts from this blog

မြန်မာပြာသာဒ်များကို တီးခေါက်ခြင်း(၂)

ပြင်ညီမျက်နှာပြင်များ(Planes)

စီမံခန့်ခွဲမှုပညာ